ဘာစီလိုနာအမျိုးသမီးအသင်း အမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲကို (၆)ရာသီဆက်တိုက် တက်ရောက်

ဘာစီလိုနာအမျိုးသမီးအသင်း အမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲကို (၆)ရာသီဆက်တိုက် တက်ရောက်
Photo: X
Photo: X
Published 4 May 2026

ဘာစီလိုနာအမျိုးသမီးအသင်းဟာ အမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲကို (၆)ရာသီဆက်တိုက် တက်ရောက်နိုင်ခဲ့ကြောင်း သိရပါတယ်။

၂၀၂၅-၂၆ ရာသီ အမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲတွေကို မေ(၂၊ ၃)ရက်က ယှဉ်ပြိုင်ကစားခဲ့ပြီးနောက် လိုင်ယွန်နဲ့ ဘာစီလိုနာတို့ ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ကြတာပါ။

လိုင်ယွန်က အာဆင်နယ်ကို နှစ်ကျော့ပေါင်း(၄-၃)ဂိုး၊ ဘာစီလိုနာက ဘိုင်ယန်မြူးနစ်ကို နှစ်ကျော့ပေါင်း(၅-၃)ဂိုးနဲ့ အနိုုင်ယူပြီး ဗိုလ်လုပွဲ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအမျိုးသမီးအသင်းက ၂၀၂၀-၂၁ ရာသီကနေ လက်ရှိရာသီအထိ ဗိုလ်လုပွဲကို (၆)ရာသီဆက်တိုက် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲရဲ့သမိုင်းမှာ စံချိန်သစ်ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဗိုလ်လုပွဲ(၅)ကြိမ်မှာတော့ ဘာစီလိုနာအမျိုးသမီးအသင်းက (၃)ကြိမ်အနိုင်ရပြီး (၂)ကြိမ်ရှုံးနိမ့်ခဲ့ပါတယ်။

လိုင်ယွန်အမျိုးသမီးအသင်းက အမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲရဲ့  အအောင်မြင်ဆုံးအသင်းဖြစ်ပြီး ချန်ပီယံဆု(၈)ကြိမ် ရရှိထားပါတယ်။

လိုင်ယွန်အသင်းဟာ အမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲကို (၁၂)ကြိမ်မြောက် တက်ရောက်ခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းနဲ့ ဗိုလ်လုပွဲမှာ စတုတ္ထအကြိမ် ရင်ဆိုင်ရမှာပါ။

၂၀၂၅-၂၆ ရာသီ အမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲကို နော်ဝေနိုင်ငံမှာ မေ(၂၃)ရက်နေ့ ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း သိရပါတယ်။

 

Most Read

Most Recent