အိမ်ဖြူတော်သတင်းထောက်များအသင်း ညစာစားပွဲမှ သေနတ်သမား ကယ်လီဖိုးနီးယားမှ ကျောင်းဆရာဖြစ်နေ

အိမ်ဖြူတော်သတင်းထောက်များအသင်း ညစာစားပွဲမှ သေနတ်သမား ကယ်လီဖိုးနီးယားမှ ကျောင်းဆရာဖြစ်နေ
Published 26 April 2026

ဧပြီ ၂၅ ရက်ညက ကျင်းပပြုလုပ်သည့်  အိမ်ဖြူတော်သတင်းထောက်များအသင်း (WHCA) ညစာစားပွဲတွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့သူမှာ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းမှ ကျောင်းဆရာလည်းဖြစ် ၊ ဗီဒီယိုဂိမ်းရေးဆွဲသူတစ်ဦးလည်းဖြစ်ကြောင်း CNN သတင်းကဖော်ပြခဲ့သည်။

ကျူးလွန်သူသည် လော့စ်အိန်ဂျလိစ်မြို့ဆင်ခြေဖုံး တောရန့်စ်မြို့တွင် နေထိုင်သူ အသက် ၃၁ နှစ်အရွယ် ကိုးလ်ထိုမတ်စ်အယ်လင် ဆိုသူဖြစ်ပြီး ၎င်းအား ​သမ္မတ​ဒေါ်နယ်ထရန့်နှင့် အစိုးရအရာရှိကြီးများ တက်ရောက်နေသည့် ပွဲကျင်းပရာအနီးတွင် ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း နိုင်ငံတကာသတင်းများက ဖော်ပြနေကြသည်။

သေနတ်သမား၏  LinkedIn လူမှုကွန်ရက်စာမျက်နှာအရ ၎င်းသည် C2 Education အမည်ရှိ စာမေးပွဲပြင်ဆင်ရေးနှင့် ကျူရှင်သင်တန်းကျောင်းတွင် အချိန်ပိုင်းဆရာအဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာတွင် ထိုသင်တန်းကျောင်း၏ "တစ်​လတာအကောင်းဆုံးဆရာ" ဆုကိုပင် ရရှိခဲ့သူဖြစ်သည်။ ၎င်းသည် ၂၀၁၇ ခုနှစ်တွင် Caltech ကယ်လီဖိုးနီးယားနည်းပညာတက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာဘွဲ့ ရခဲ့ကာ ပြီးခဲ့သည့်နှစ်တွင် ကယ်လီဖိုးနီးယားပြည်နယ် တက္ကသိုလ် (CSUDH) မှ ကွန်ပျူတာသိပ္ပံ မဟာဘွဲ့ ရထားပြန်သည်။

အယ်လင်သည် ကျောင်းသားဘဝက ဝှီးချဲကုလားထိုင်များအတွက် အရေးပေါ်ဘရိတ်စနစ် တီထွင်ခဲ့ခြင်းကြောင့် ၂၀၁၇ ခုနှစ်တွင် ဒေသတွင်းသတင်းဌာနများ၏ ဖော်ပြမှုခံခဲ့ရသည်။ ၎င်းသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာအတွင်း ကမ်မလာဟဲရစ်၏ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက် အမေရိကန်ဒေါ်လာ ၂၅ ဒေါ်လာ လှူဒါန်းခဲ့ကြောင်း ဗဟိုရွေးကောက်ပွဲကော်မရှင် မှတ်တမ်းများတွင် ဖော်ပြထားသည်။

၎င်းသည် ဗီဒီယိုဂိမ်းထုတ်လုပ်သူလည်းဖြစ်ပြီး Steam ဂိမ်းပလက်ဖောင်းတွင် "Bohrdom" အမည်ရှိ အင်ဒီဂိမ်းတစ်ခုကို ထုတ်ဝေရောင်းခဲ့သူ ဖြစ်သည်။ ၎င်း၏ LinkedIn အရ "First Law" အမည်ဖြင့် ဒုတိယမြောက်ဂိမ်းကို ဆက်လက်ရေးဆွဲနေသည်။

Ref: CNN

Photos: USA Today

Most Read

Most Recent