အင်အားပြင်းငလျင်ကြောင့် ပျက်စီးခဲ့သည့် ဧရာဝတီတံတား (ရတနာပုံ) ပြုပြင်ပြီးစီး၍ Load Test စစ်ဆေးကာ ကုန်တင်ယာဉ် ၂၅ တန်မှ ၄၅ တန်အထိ တိုးမြှင့်ခွင့်ပြုကြောင်း သိရသည်။
ဧပြီ ၂၅ ရက်က ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်အတူ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ဧရာဝတီတံတား (ရတနာပုံ) ကို အားဖြည့်ပြုပြင်ခြင်းပြီးစီး၍ Load Test စစ်ဆေးပြီး ၂၅ တန်မှ ၄၅ တန်သို့ တိုးမြှင့်၍ ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့်ပြုပေးနေမှု၊ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့အတွင်းရှိ ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသည့် ဝန်ထမ်းအိမ်ရာများအတွက် အသစ်ပြန်လည် တည်ဆောက်နေသည့် အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှင်းလင်းဆောင်တွင် တာဝန်ခံအင်ဂျင်နီယာက ဧရာဝတီတံတား (ရတနာပုံ) မန္တလေးငလျင်ကြီးကြောင့် ရေလယ်တိုင်ရှိ Gusset Plate များ၊ သံပေါင်ရှိ Inclined Member များ၊ Bearing များ ပျက်စီးခဲ့ရသည့် အခြေအနေ၊ ပျက်စီးမှုများကိုစစ်ဆေး၍ ကနဦး (ကုန်+ယာဉ်) ၁၅ တန်ဖြင့် စတင်ဖြတ်သန်းခွင့်ပြုခဲ့သည့် အခြေအနေ၊ ပထမအဆင့် ပြင်ဆင်မှုအနေဖြင့် သံပေါင်ချုပ်တန်းများ၊ Gusset Plate များ လဲလှယ်ပြီး၍ Load Test စစ်ဆေးပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် (ကုန်+ယာဉ်) ၂၅ တန်အထိ တိုးမြှင့်ဖြတ်သန်းခွင့်ပြုပေးခဲ့သည့် အခြေအနေ၊ ယခုအခါ ဒုတိယအဆင့်အား ဖြည့်ပြင်ဆင်ခြင်း ဆောင်ရွက်ပြီးစီး၍ Load Test စစ်ဆေးပြီး (ကုန်+ယာဉ်) ၄၅ တန်အထိ တိုးမြှင့်ဖြတ်သန်းခွင့်ပြုနိုင်မည့်အခြေအနေနှင့် ပြုပြင်ဆောင်ရွက်ခြင်း၊ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့သည့် မှတ်တမ်းများကို ရှင်းလင်းတင်ပြရာ တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက တံတားကြီး၏ မူလခွင့်ပြုထားသော တန် ၆၀ အထိ ပြန်လည်ခွင့်ပြုပေးနိုင်ရေးအတွက် ငလျင်ကြီးဒဏ်ကြောင့် ပျက်စီးသွားသော Bearings လဲလှယ်ခြင်းများ ဆက်လက်ဆောင်ရွက်မည့် အစီအမံတို့ကို ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့သည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ဧရာဝတီတံတား (ရတနာပုံ) သည် ဧရာဝတီမြစ်ကို ဖြတ်ကျော်၍ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးကို ဆက်သွယ် ပေးထားသည့် အရေးပါသော တံတားတစ်စင်းဖြစ်၍ လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရေးအတွက် နေ့စဉ်ဖြတ်သန်းအသုံးပြုခြင်းကို မရပ်ဆိုင်းဘဲ ပြုပြင်ဆောင်ရွက်ရခြင်းဖြစ်၍ ဘေးကင်းလုံခြုံရေးကို အလေးထားရန်လိုကြောင်း၊ ယခုတွင် ၄၅ တန်အထိ ခွင့်ပြုထားပြီးဖြစ်၍ ကုန်တင်ယာဉ်ကြီးများနှင့် ဆီသယ်ယာဉ်များသည် ဇက်ရေယာဉ်များဖြင့် ကူးသန်းရန်မလိုအပ်တော့ဘဲ တံတားပေါ်မှ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ပြီး အချိန်နှင့် ဖြတ်သန်းခများသက်သာကာ ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်လွယ်ကူလာမည်ဖြစ်ကြောင်း၊ သို့ရာတွင် ဒေသဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများက ကုန်တင်ယာဉ်များကို သတ်မှတ်ချက်များနှင့်အညီ ဖြတ်သန်းခွင့်ပြုစေရေး တာဝန်ရှိသူများသို့ ကြပ်မတ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း မှာကြားကာ ဧရာဝတီတံတား (ရတနာပုံ) တွင် ၄၅ တန်အထိ ကုန်တင်ယာဉ်များနှင့် ဆီသယ်ယာဉ်များ စတင်ဖြတ်သန်းသွားလာမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့သည်။















