ဟော်မုဇ်ရေလက်ကြားတွင် အီရန်က မိုင်းများထပ်ချနေပြီး အမေရိကန်၏ တတိယမြောက် လေယာဉ်တင်သင်္ဘောလည်း ဒေသတွင်းသို့ရောက်နေ

ဟော်မုဇ်ရေလက်ကြားတွင် အီရန်က မိုင်းများထပ်ချနေပြီး အမေရိကန်၏ တတိယမြောက် လေယာဉ်တင်သင်္ဘောလည်း ဒေသတွင်းသို့ရောက်နေ
Published 25 April 2026

အီရန်ရေတပ်က ယခုသီတင်းပတ်အတွင်း ဟော်မုဇ်ရေလက်ကြား၌ ရေမြှုပ်မိုင်းသစ်များ ထပ်မံချထားကြောင်း သတင်းများထွက်ပေါ်နေပြီး တစ်ဖက်တွင်လည်း အမေရိကန် ပြည်ထောင်စုက ဒေသတွင်းသို့ တတိယမြောက် လေယာဉ်တင်သင်္ဘောတစ်စင်း လွှတ်ထားကြောင်း Axios သတင်းတစ်ရပ်က ဖော်ပြလိုက်သည်။

သတင်းရင်းမြစ်အချို့ကို ကိုးကားဖော်ပြသည့် Axios သတင်းအရ အီရန်၏လှုပ်ရှားမှုများကို အမေရိကန်တပ်ဖွဲ့များက သိထားပြီး ​သေချာစောင့်ကြည့်လျက်ရှိကြောင်း သိရသည်။ အီရန်ဘက်က မိုင်းအရေအတွက် မည်မျှချထားသည်ကို အတိအကျ သိရှိထားသော်လည်း ထိုအရေအတွက်ကို ထုတ်ဖော်ပြောရန် အာဏာပိုင်များက ငြင်းဆိုခဲ့သည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး အစီရင်ခံစာတင်ပြမှုများကို ဒေါ်နယ်ထရန့်က သိရှိပြီးနောက် ရေအောက်မိုင်းချနေသည့် အီရန်လှေများကို တွေ့ရှိပါက တွေဝေတုံ့ဆိုင်းမနေဘဲ ပစ်ခတ်ရန် အမေရိကန်ရေတပ်ကို ညွှန်ကြားခဲ့သည်။ ထို့ပြင် အမေရိကန် ရေတပ်က ဟော်မုဇ်ရေလက်ကြားအတွင်း မိုင်းများရှင်းလင်းရန် ရေအောက်ဒရုန်းများကို အသုံးပြုနေပြီး သုံးဆတိုးမြှင့် လုပ်ဆောင်ရန်လည်း ထရန့်က အမိန့်ပေးထားသည်။

ဧပြီ ၂၃ ရက်တွင် ဒေသတွင်းသို့ USS George H.W. Bush လေယာဉ်တင်သင်္ဘောလည်း ရောက်​နေပြီဖြစ်ပြီး အမေရိကန်က တတိယမြောက် လေယာဉ်တင်သင်္ဘော လွှတ်လိုက်မှု ဖြစ်သည်။

ဝါရှင်တန်ပို့စ်သတင်းစာက လတ်တလောဖော်ပြသည့် သတင်းတစ်ရပ်တွင် ဟော်မုဇ် ရေလက်ကြားရှိ အီရန်၏ ရေမြှုပ်မိုင်းများကို အပြီးတိုင်ရှင်းလင်းရန် အချိန်ခြောက်လခန့် ကြာမြင့်နိုင်သည်ဟု ဆိုသည်။

Ref: Anadolu Agency

Most Read

Most Recent