■ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာခရီးစဉ်အတွင်း ၎င်း၏ အဓိကရည်မှန်းချက်သုံးခုကို ပြောကြား

■ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာခရီးစဉ်အတွင်း ၎င်း၏ အဓိကရည်မှန်းချက်သုံးခုကို ပြောကြား
Published 22 April 2026

ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သည့် ဆီဟဆက်ဖူဝန်ကေ့ကဲ့ဝို့က မြန်မာနိုင်ငံခရီးစဉ်အတွင်း ၎င်း၏ အဓိကရည်မှန်းချက်သုံးခုကို ပြောကြားခဲ့သည်။

ပထမအချက်အနေဖြင့် မြန်မာနိုင်ငံ၏ အစိုးရသစ်ဖွဲ့စည်းခြင်းအတွက် ဂုဏ်ပြုကြောင်းနှင့် သမ္မတ ဦးမင်းအောင်လှိုင်၏ သမ္မတအဖြစ် ရွေးချယ်ခံရခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် မြန်မာနိုင်ငံရှိ မတူညီသော အဖွဲ့အစည်းများကြား ဆွေးနွေးပွဲများဆီသို့ ဦးတည်စေမည့် သိသာထင်ရှားသော အသွင်ကူးပြောင်းမှုတစ်ခုဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

ထိုင်းနိုင်ငံသည် အိမ်နီးချင်းနိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို မြင်တွေ့လိုကြောင်း ၎င်းက ဆိုသည်။

ဒုတိယအချက်အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးတွင် အခန်းကဏ္ဍသစ်တစ်ခုကို ဖွင့်လှစ်ရန်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် နယ်စပ်လုံခြုံရေး အထူးသဖြင့် ထိုင်းနိုင်ငံအတွင်းသို့ တိုးမြှင့်စီးဝင်လာနေသည့် အွန်လိုင်းလိမ်လည်မှုများနှင့် မူးယစ်ဆေးဝါးများကဲ့သို့သော နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုကွန်ရက်များကို နှိမ်နင်းရေး၊ ထို့ပြင် ရေထုနှင့် လေထုညစ်ညမ်းမှုများအပေါ် ပူးပေါင်းဆောင်ရွက်ရန် ရှာဖွေလျက်ရှိကြောင်း၊ အရေးအကြီးဆုံးအချက်မှာ ထိုင်း-မြန်မာ ကုန်သွယ်မှု စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းရှိသည့် နယ်စပ်ကုန်သွယ်ရေးကို ပြန်လည်ဖွင့်လှစ်ရန် ထိုင်းနိုင်ငံက လိုလားကြောင်း ၎င်းက ဆိုသည်။

တတိယအချက်မှာ မြန်မာနိုင်ငံအနေဖြင့် တစ်ဆင့်ချင်းစီ ထိတွေ့ဆက်ဆံရေးမူဝါဒဖြင့်  အာဆီယံသို့ ပြန်လည်ဝင်ရောက်လာစေရန် ထိုင်းနိုင်ငံက ဆန္ဒရှိကြောင်းကို ဆီဟဆက်ဖူဝန်ကေ့ကဲ့ဝို့က ထပ်လောင်းအတည်ပြုပြောကြားခဲ့သည်။

 အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်ရှိသော်လည်း လက်တွေ့တွင် အကောင်အထည်ဖော်ခြင်း မရှိသေးကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ ထို့ပြင် အာဆီယံ၏ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံအနေဖြင့် အရေးယူဆောင်ရွက်ချက်များ လိုအပ်မည်ဖြစ်ကြောင်း အသိအမှတ်ပြုပြီး ထိုင်းနိုင်ငံအနေဖြင့် အဆိုပါအခန်းကဏ္ဍတွင် ရှေ့တန်းမှ ပါဝင်လိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

 မြန်မာနိုင်ငံတွင် သမ္မတဟောင်း အပါအဝင် နိုင်ငံရေးသမားများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အစိုးရသစ်၏ ကြေညာချက်ကို ကြိုဆိုခဲ့ပြီး ထိုသို့သော လုပ်ဆောင်ချက်များ ဆက်ရှိနေလိမ့်မည်ဟု မျှော်လင့်ကြောင်း ဆီဟဆက်ဖူဝန်ကေ့ကဲ့ဝို့က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားရာတွင် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် အကြမ်းဖက်မှုများ လျှော့ချရေးကိုလည်း ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ပြီး၊ အာဆီယံနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ပြည်သူများထံ အကူအညီများ ပေးနိုင်မည့် လမ်းကြောင်းများကို ထိုင်းနိုင်ငံက ရှာဖွေလျက်ရှိသည်ဟု ဆိုသည်။

မြန်မာ့တိုက်လေယာဉ်များက ထိုင်းနယ်မြေအတွင်းသို့ ဗုံးများ မှားယွင်းကျရောက်ခဲ့သည့် ကိစ္စရပ်နှင့်ပတ်သက်၍ ဆီဟဆက်ဖူဝန်ကေ့ကဲ့ဝို့က ပြောကြားရာတွင် ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား နယ်စပ်တစ်လျှောက် အင်အားသုံးမှုကို လျှော့ချရန်နှင့် ပဋိပက္ခများ လျော့ကျစေရန် တိုက်တွန်းကြောင်း၊ အပစ်အခဲရပ်စဲရေး အပြည့်အဝရရှိခြင်းသည် အလိုလားဆုံး ရလဒ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းသည် နှစ်နိုင်ငံစစ်တပ်အချင်းချင်း လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအောက်တွင် အကျုံးဝင်ပြီး၊ ထိုင်းနိုင်ငံ၏ ကာကွယ်ရေးဦးစီးချုပ်သည် ယခင်က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီးဖြစ်ကာ အဆင့်မြင့်စစ်ဘက်ဆိုင်ရာ အစည်းအဝေးတစ်ခုကိုလည်း ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် နောက်တစ်ကြိမ်အစည်းအဝေးကို လက်ခံကျင်းပရန် စီစဉ်ထားပြီး ယင်းအစည်းအဝေးတွင် နယ်စပ်လုံခြုံရေးကိစ္စကို အစီအစဉ်တွင် ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် လေထုညစ်ညမ်းမှုကို အရေးပေါ်ဆွေးနွေးရမည့် အကြောင်းအရာတစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး၊ လေထုညစ်ညမ်းမှုသည် ထိုင်း၊ မြန်မာနှင့် လာအိုနိုင်ငံတိုကြား ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သော ဘုံစိုးရိမ်ပူပန်မှုတစ်ရပ်ဖြစ်ကြောင်း ဆီဟဆက်ဖူဝန်ကေ့ကဲ့ဝို့က မှတ်ချက်ပြုခဲ့ပြီး အဆိုပါကိစ္စကို မြန်မာနိုင်ငံ၏ သမ္မတနှင့် ဒုတိယသမ္မတတို့ထံသို့ တိုက်ရိုက်တင်ပြဆွေးနွေးသွားမည်ဟု ဆိုသည်။

Ref: Nation

Most Read

Most Recent