ရိုမေးနီးယားလက်ရွေးစင်အသင်းနည်းပြအဖြစ် ဂျော်ဂီဟာဂျီ ဒုတိယအကြိမ် ခန့်အပ်ခံရ

ရိုမေးနီးယားလက်ရွေးစင်အသင်းနည်းပြအဖြစ် ဂျော်ဂီဟာဂျီ ဒုတိယအကြိမ် ခန့်အပ်ခံရ
Photo: X
Photo: X
Published 22 April 2026

ရိုမေးနီးယားနိုင်ငံရဲ့ အကျော်ကြားဆုံးကစားသမားဖြစ်တဲ့ ဂျော်ဂီဟာဂျီဟာ ရိုမေးနီးယားလက်ရွေးစင်အသင်းနည်းပြအဖြစ် ဒုတိယအကြိမ် ခန့်အပ်ခံခဲ့ရကြောင်း သိရပါတယ်။

ရိုမေးနီးယားလက်ရွေးစင်အသင်းနည်းပြ လူဆက်စကူက ဧပြီ(၂)ရက်မှာ ရာထူးက နုတ်ထွက်ပြီး ဧပြီ(၇)ရက်မှာ ကွယ်လွန်သွားခဲ့တာကြောင့် ဂျော်ဂီဟာဂျီကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်ပါတယ်။

အသက်(၆၁)နှစ်ရှိပြီဖြစ်တဲ့ ဂျော်ဂီဟာဂျီဟာ ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ နှစ်သင်းစလုံးမှာ ကစားခဲ့ဖူးသူဖြစ်ပြီး Ballon d'Or ဆု ဆန်ခါတင်စာရင်းမှာ (၆)ကြိမ် ရွေးချယ်ခံခဲ့ရဖူးသူလည်း ဖြစ်ပါတယ်။

ဂျော်ဂီဟာဂျီက ၂၀၀၁ ခုနှစ်မှာ ရိုမေးနီးယားလက်ရွေးစင်အသင်းကို ကိုင်တွယ်ကာ နည်းပြလောကထဲ စတင်ဝင်ရောက်ခဲ့ပြီး ပြီးခဲ့တဲ့ (၂၅)နှစ်တာကာလအတွင်း ရိုမေးနီးယားကလပ်အသင်းတွေနဲ့ တူရကီကလပ်အသင်းတွေကို ကိုင်တွယ်ခဲ့ပါတယ်။

နောက်ဆုံးကိုင်တွယ်ခဲ့တာက ရိုမေးနီးယားကလပ် ဖာရူးလ်ကွန်စတန်တာအသင်းဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လမှာ လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့တာပါ။

ရိုမေးနီးယားဘောလုံးအဖွဲ့ချုပ်က ဂျော်ဂီဟာဂျီကို ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး ဇွန်လခြေစမ်းပွဲတွေမှာ အသင်းကို စတင်ဦးဆောင်ရမှာဖြစ်ကြောင်း သိရပါတယ်။

''ဒါဟာ ဆုလာဘ်တစ်ခုဖြစ်ပြီး ရိုမေးနီးယားအသင်းကို နောက်တစ်ကြိမ်ကိုယ်စားပြုခွင့်ရတာက ကစားသမားဘဝတုန်းကလိုပဲ ကြီးလေးတဲ့ တာဝန်တစ်ရပ်ပါ။ ကစားသမားတုန်းကလို နည်းပြဘဝမှာလည်း စွမ်းဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးဖြစ်လာနိုင်တယ်လို့လည်း ယုံကြည်ပါတယ်'' လို့ ဂျော်ဂီဟာဂျီက ပြောကြားခဲ့ပါတယ်။

Most Read

Most Recent