ဟန်ဂေရီရွေးကောက်ပွဲတွင် ၁၆ နှစ်ကြာအုပ်ချုပ်ခဲ့သည့် ဝန်ကြီးချုပ်အော်ဘန်ကို နိုင်ငံ​ရေးမျိုးဆက်သစ် မာဂျာက အပြတ်အသတ်အနိုင်ရ

ဟန်ဂေရီရွေးကောက်ပွဲတွင် ၁၆ နှစ်ကြာအုပ်ချုပ်ခဲ့သည့် ဝန်ကြီးချုပ်အော်ဘန်ကို နိုင်ငံ​ရေးမျိုးဆက်သစ် မာဂျာက အပြတ်အသတ်အနိုင်ရ
Published 13 April 2026

လက်ရှိဟန်ဂေရီရွေးကောက်ပွဲတွင် ဥရောပကိုလိုလားသူ အတိုက်အခံခေါင်းဆောင် နိုင်ငံ​ရေးမျိုးဆက်သစ် ပီတာမာဂျာက အပြတ်အသတ်အနိုင်ရသွားပြီး ဝန်ကြီးချုပ်ဗစ်တာအော်ဘန်က ၁၆ နှစ်ကြာ ရယူထားသည့်အာဏာကို လက်လွှတ်လိုက်ရပြီဖြစ်သည်။

​ဝန်ကြီးချုပ်သစ်ဖြစ်လာမည့် ပီတာမာဂျာထံသို့ ဥရောပတစ်လွှားမှ ဂုဏ်ပြုလွှာများလည်း ဧပြီ ၁၃ ရက်တွင် တဖွဲဖွဲရောက်လာခဲ့သည်။ဥရောပသမဂ္ဂ (အီးယူ) အတွက် ဆူးငြောင့်ခလုတ်သဖွယ်ဖြစ်သူ အော်ဘန်သည် ၁၆ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဧပြီ ၁၂ ရက်ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။ အော်ဘန်သည် ဒေါ်နယ်ထရန့်နှင့် ရုရှားသမ္မတ ပူတင်တို့၏ထောက်ခံမှုများ ရရှိခဲ့သော်လည်း အဂတိလိုက်စားမှုကို စိတ်ပျက်နေသည့် ဟန်ဂေရီပြည်သူများက မာဂျာကိုသာ မဲပေးရွေးချယ်ခဲ့ကြသည်။

မာဂျာ၏ Tisza အတိုက်အခံပါတီသည် လွှတ်တော်ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့ပြီး ရွေးကောက်ပွဲအပြီး မြို့တော်ဘူဒါပက်စ်တွင် ထောက်ခံသူများက ကားဟွန်းများတီးကာ လမ်းပေါ်ထွက်အောင်ပွဲခံခဲ့ကြသည်။ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် အပါအဝင် အီးယူခေါင်းဆောင်များကလည်း မာဂျာ၏အောင်နိုင်မှုကို ကြိုဆိုခဲ့ကြသည်။

နိုင်ငံအလံကို ဝှေ့ယမ်းရောက်ရှိလာသည့် မာဂျာက "ပြည်သူတွေက ဟန်ဂေရီကို လွတ်မြောက်အောင် လုပ်ပေးလိုက်ပြီ" ဟု တစ်ခဲနက်အားပေးနေသည့် လူအုပ်ကို ပြောကြားခဲ့ပြီး လူဦးရေကိုးသန်းခွဲရှိရာ ၎င်းတို့နိုင်ငံအတွက် ယခုနိုင်ပွဲက အံ့ဩစရာဟု ဆိုခဲ့သည်။ထို့ပြင်အသက် ၄၅ နှစ်အရွယ် ကွန်ဆာဗေးတစ်ဝါဒီမာဂျာက နိုင်ငံ၏ ဒီမိုကရေစီယန္တရား ပြန်လည်ပတ်နိုင်စေရန် အပြန်အလှန်ထိန်းကျောင်းသည့်စနစ်ဖြင့် ဟန်ဂေရီကို လမ်းကြောင်းမှန်ပေါ် ပြန်တင်ပေးမည်ဟု ကတိပြုခဲ့သည်။

ငါးကြိမ်ဆက်တိုက် ဝန်ကြီးချုပ်သက်တမ်းအတွက် ကြိုးပမ်းခဲ့သူ အော်ဘန်သည် နိုင်ငံကို လွတ်လပ်ခွင့်ကင်းမဲ့သည့် ဒီမိုကရေစီပုံစံသို့ ပြောင်းလဲခဲ့သူဖြစ်ပြီး တရားဥပဒေစိုးမိုးရေးကိစ္စရပ်များအပြင် ယူကရိန်းစစ်ပွဲအား ကူညီထောက်ပံ့မှုနှင့်ပတ်သက်၍လည်း အီးယူနှင့်အမြဲတစေ ထိပ်တိုက်တွေ့ခဲ့သည်။

မာဂျာက လွန်ခဲ့သည့် နှစ်နှစ်ခန့်ကမှ နိုင်ငံရေးလောကထဲသို့ ဝင်ရောက်လာသူဖြစ်ပြီး အဂတိလိုက်စားမှုကို တိုက်ဖျက်မည်၊ လူထုဝန်ဆောင်မှုများ ပိုကောင်းလာစေရမည်ဟု ကတိပြုထားသူဖြစ်သည်။

ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအလိုတွင် အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ် ဟန်ဂေရီသို့လာသွားကာ အော်ဘန်ကိုဝန်းရံခဲ့ပြီး အီးယူအရာရှိများက ဟန်ဂေရီ၏ပြည်တွင်းရေးကို စွက်ဖက်နေသည်ဟု စွပ်စွဲခဲ့သည်။ထရန့်ကလည်း အော်ဘန်သာ အနိုင်ရခဲ့ပါက အမေရိကန်၏ စီးပွားရေးအင်အားဖြင့် ဟန်ဂေရီကို ကူညီမည်ဟု ကတိပေးခဲ့သည်။

Ref: AFP

Photo: BBC

Most Read

Most Recent