စကော့တလန်နောက်ခံလူ အန်ဒီရောဘတ်ဆန်ဟာ လာမယ့်ရာသီကုန်မှာ အသင်းက ထွက်ခွာတော့မှာဖြစ်ကြောင်း လီဗာပူးလ်အသင်းက အတည်ပြုကြေညာခဲ့ပါတယ်။
ရောဘတ်ဆန်ဟာ စကော့တလန်လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်သလို၊ လီဗာပူးလ်အသင်းမှာ ဒုအသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခံထားရသူလည်း ဖြစ်ပါတယ်။
ရောဘတ်ဆန်ဟာ ၂၀၁၇ နွေရာသီမှာ ဟားလ်စီးတီးကနေ လီဗာပူးလ်ကို ပြောင်းရွှေ့ကြေး ပေါင်(၈)သန်းနဲ့ ရောက်ရှိခဲ့သူဖြစ်ပြီး (၉)နှစ်တာကာလအတွင်းမှာ အသင်းအတွက် ပြိုင်ပွဲစုံ(၃၇၃)ပွဲကစားပြီး (၁၃)ဂိုး သွင်းယူပေးထားပါတယ်။
ရောဘတ်ဆန်(၃၂ နှစ်)ဟာ ဒီရာသီမှာတော့ ကာကက်ဇ်ရောက်ရှိလာတာကြောင့် ပွဲထွက်ကစားသမားအဖြစ် (၁၅)ပွဲသာ ကစားခွင့်ရရှိခဲ့ကြောင်း သိရပါတယ်။
ရောဘတ်ဆန်က ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ စပါးအသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမဲ့ အသင်းမှာ ဒဏ်ရာရကစားသမားတွေ များပြားနေတာကြောင့် ရာသီကုန်အထိ ဆက်ကစားပေးဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
''အန်ဖီးလ်မှာ အောင်မြင်တဲ့ (၉)နှစ်တာကာလကို ဖြတ်သန်းပြီးတဲ့နောက် စကော့တလန်အသင်းခေါင်းဆောင်ဟာ စာချုပ်သက်တမ်းကုန်မယ့် နွေရာသီမှာ အသင်းက ထွက်ခွာတော့မှာပါ။ သူက လီဗာပူးလ်အသင်းရဲ့ စစ်မှန်တဲ့ ဂန္ထဝင်တစ်ဦးအဖြစ် လုပ်ဆောင်သွားမှာပါ။ သူက လတ်တလောနှစ်ကာလတွေအတွင်း အသင်းရဲ့ အဓိကကျတဲ့ ကစားသမားတစ်ဦးအဖြစ် (၃၇၃)ပွဲ ကစားခဲ့သူပါ'' လို့ လီဗာပူးလ်အသင်းက ကြေညာခဲ့ပါတယ်။
ရောဘတ်ဆန်ကလည်း လီဗာပူးလ်အသင်းနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ရတာ မလွယ်ကူကြောင်းနဲ့ လီဗာပူးလ်အသင်းဟာ သူ့မိသားစုရဲ့ဘဝမှာ အလွန်ကြီးမားတဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။















