နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုတင်ပြထားသည့် ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ဌာန၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော် အတည်ပြု

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုတင်ပြထားသည့် ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ဌာန၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော် အတည်ပြု
Published 7 April 2026

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုတင်ပြထားသည့် ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ဌာန၏ အမည်စာရင်းကို ယနေ့(ဧပြီ ၇ ရက်)တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် သ​ဘောတူခဲ့သည်။

ဧပြီ ၆ ရက်က ကျင်းပသည့်ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုတင်ပြထားသည့် ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ဌာနနှင့်ပတ်သက်၍ ယနေ့(ဧပြီ ၇ ရက်)တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး အချိုးကျကိုယ်စားပြု မဲဆန္ဒနယ်အမှတ်(၂) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စန်း(တစညပါတီဝင်)က တောင်သူလယ်သမားရေးရာဝန်ကြီးဌာန ဖွဲ့စည်းပေးနိုင်ရေးနှင့်ပတ်သက်၍လည်းကောင်း၊

ဒလမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတင်မြင့်(ပြည်ခိုင်ဖြိုးပါတီဝင်)က တောင်သူလယ်သမားရေးရာဝန်ကြီးဌာနတိုးချဲ့ဖွဲ့စည်းနိုင်ရေး၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအား ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာနတို့အဖြစ် သီးခြားစီဖွဲ့စည်းပေးနိုင်ရေးနှင့်ပတ်သက်လည်းကောင်း ၊ ကလောမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်(ပြည်ခိုင်ဖြိုးပါတီဝင်)က ပြည်ထောင်စုအဆင့်တွင် စည်ပင်သာယာရေးရာဝန်ကြီးဌာန အဖြစ် ဖွဲ့စည်းပေးနိုင်ရေးနှင့်ပတ်သက်၍လည်းကောင်း ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

ထိုသို့​ဆွေး​​နွေးမှုများအ​ပေါ် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ပြန်လည်ရှင်းလင်းတင်ပြချက်ကို ပြည်​ထောင်စုလွှတ်​တော်နာယကက ထပ်ဆင့်ဖတ်ကြားရှင်းလင်းခဲ့သည်။

 

နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံသူ၏ ရှင်းလင်းချက်ကို လွှတ်တော်နာယကက ဖတ်ကြားရာတွင် မြန်မာနိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူအများစုသည် တောင်သူလယ်သမားများဖြစ်ခြင်းကြောင့် တောင်သူလယ်သမားများ၏ အခန်းကဏ္ဍမြင့်တင်ရေးသည် အရေးကြီးကြောင်း၊ လက်ရှိတွင် တောင်သူလယ်သမားကိစ္စရပ်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့က တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသဖြင့် တောင်သူလယ်သမားရေးရာ ဝန်ကြီးဌာနကို သီးခြားဝန်ကြီးဌာနအဖြစ် မဖွဲ့စည်းခြင်းဖြစ်ကြောင်း ပြောကြားသည်။

''စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှာဆိုရင် စိုက်ပျိုးရေးဝန်ကြီးဌာနကို ဖွဲ့စည်းထားပါတယ်။ မြန်မာ့လယ်ယာကဏ္ဍတွင် စိုက်ပျိုးရေး၊ သားငါးမွေးမြူရေးနဲ့ သစ်တောကဏ္ဍတွေပါဝင်ပြီး လယ်ယာကဏ္ဍဟာ မြန်မာနိုင်ငံရဲ့ အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဟာ လယ်ယာကဏ္ဍအခွင့်အလမ်းကောင်းတွေကို ဖော်ထုတ်ပေးနိုင်ဖို့အတွက် မူဝါဒနဲ့ လုပ်ငန်းစဉ်တွေကို ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။ ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် အရည်အသွေးမီ လယ်ယာနဲ့ သားငါးထွက်ကုန်တွေကို ပြည်တွင်း၌သာမက ပြည်ပဈေးကွက်အထိ တင်ပို့နိုင်မှာဖြစ်ပါတယ်။ စိုက်ပျိုးရေးဦးစီးဌာနဟာ ဝန်ကြီးဌာနရဲ့ လယ်ယာကဏ္ဍမူဝါဒတွေ မျှော်မှန်းချက်တွေပြည့်မှီဖို့ ရည်ရွယ်ပြီးမျှော်မှန်းချက်လုပ်ငန်းတာဝန်တွေ၊ ရည်ရွယ်ချက်တွေ၊ မူဝါဒတွေ လုပ်ငန်းတွေ၊ လုပ်ငန်းစဉ်တွေချမှတ် အကောင်အထည်ဖော်လျက်ရှိပါတယ်။ သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှာရှိတဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရဲ့ မျှော်မှန်းချက်ကတော့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ကျေးလက်နေပြည်သူတွေရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ်ဖော်ဆောင်ဖို့ဖြစ်ပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးမှုဦးစီးဌာနရဲ့ လုပ်ငန်းတာဝန်တွေထဲမှာ စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လမ်းများနှင့် လမ်းများတည်ဆောက်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း ကျေးလက်ဒေသနေပြည်သူများ အလုပ်အကိုင်ရရှိရေး၊ စီးပွားရေးလုပ်ငန်းများဖော်ထုတ်ဆောင်ရွက် နိုင်ရန် အရင်းမပျောက်မတည်ရန်ပုံငွေ ထူထောင်ပေးရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ကျေးလက်နေပြည်သူများ၏ လုပ်ငန်းစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများနှင့် အသက်မွေးဝမ်းကြောင်းသင်တန်းများဖွင့်လှစ်ပို့ချခြင်းနှင့် ဒေသထုတ်ကုန်များဈေးကွက်ရရှိရေး ချိတ်ဆက်ကူညီဆောင်ရွက်ပေးရန်ဆိုတဲ့ လုပ်ငန်းတွေပါဝင်တယ်။ လက်ရှိမှာလည်း စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနနဲ့ သမဝါယမနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနနှစ်ခုက တောင်သူလယ်သမားရေးရာကိစ္စတွေကို ဟန်ချက်ညီညီဆောင်ရွက်ပေးနေတာကိုတွေ့ရရှိရပါတယ်။ နိုင်ငံအများစုရဲ့ ဝန်ကြီးဌာနကဖွဲ့စည်းမှုကို ကြည့်မယ်ဆိုရင်လည်း တောင်သူလယ်သမားရေးရာကိစ္စရပ်တွေကို လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်တာကိုတွေ့ရှိရပါတယ်။ ဒါကြောင့်တောင်သူလယ်သမားရေးရာဝန်ကြီးဌာနအဖြစ် သီးခြားဝန်ကြီးဌာနတစ်ခုကို ထပ်မံတိုးချဲ့ဖွဲ့စည်းမှု မပြုခြင်းဖြစ်ကြောင်းရှင်းလင်းဖြေကြားလိုပါတယ်"ဟု နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံသူ၏ ရှင်းလင်းချက်ကို လွှတ်တော်နာယကက ဖတ်ကြားခဲ့သည်။

ထို့အတူ ဟိုတယ်ခရီးသွားရေးနှင့် ယဉ်ကျေးမှုကို ဝန်ကြီးဌာနတစ်ခုတည်း ပေါင်းစပ်ဖွဲ့စည်းရခြင်းရည်ရွယ်ချက်သည် ယဉ်ကျေးမှုကို ခရီးသွားလုပ်ငန်း၏အဓိကမောင်းနှင်အားအဖြစ် အသုံးချပြီး စီးပွားရေးလူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာအကျိုးကျေးဇူးများကို တစ်ပြိုင်နက်ရရှိစေဖို့ဖြစ်ကြောင်း၊ နိုင်ငံအများအပြားတွင်လည်း ဟိုတယ်ခရီးသွားနှင့် ယဉ်ကျေးမှုကိုပေါင်းစပ်ပြီး ဝန်ကြီးဌာနတစ်ခုအဖြစ်ပေါင်းစပ်ပြီးဖွဲ့စည်းဆောင်ရွက်သည်ကိုတွေ့ရှိရကြောင်း၊

ရရှိနိုင်သည့် အကျိုးကျေးဇူးမှာ ခရီးသွားလုပ်ငန်းနှင့်ယဉ်ကျေးမှုထိန်းသိမ်းရေးကို တစ်ပြိုင်နက်ညှိနှိုင်းပြီး ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုကိုအားပေးနိုင်ခြင်း၊ ခရီးသွားများကို ဒေသခံရိုးရာဓလေ့၊ အနုပညာ၊ သမိုင်းဝင်နေရာများနှင့် မိတ်ဆက်ပေးရာတွင် ပိုမိုထိရောက်စေမည်ဖြစ်ကြောင်း၊ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်းမှတစ်ဆင့်ဒေသခံပြည်သူများ၏ ဝင်ငွေတိုးတက်စေမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာချိန်မှာ ယဉ်ကျေးမှုဆိုင်ရာ ထိခိုက်မှုတွေကို လျော့ချနိုင်ပြီး အမွေအနှစ်များကိုကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းကိုပေါင်းစပ်ခြင်းဖြင့် နိုင်ငံ၏ဆွဲဆောင်မှုအားကို မြှင့်တင်ကာ နိုင်ငံခြားခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း၊ ဘတ်ဂျက်၊ လူအင်အားနှင့် အခြေခံအဆောက်အဦများကို ပိုမိုထိရောက်စွာစီမံခန့်ခွဲနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဟိုတယ်ခရီးသွားရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအဖြစ် ပေါင်းစပ်ဖွဲ့စည်းခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံသူ၏ ရှင်းလင်းချက်ကို လွှတ်တော်နာယကက ပြောကြားသည်။

စည်ပင်သာယာရေးဝန်ကြီးဌာန ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၈၈ တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် ဇယား(၂)တွင် ဖော်ပြထားသော တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်ဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ဝှမ်းလုံးတွင်သော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်စိတ်တစ်ဒေသအတွက်သော်လည်းကောင်း၊ အာဏာသက်ရောက်စေရန် ဥပဒေပြုခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ဇယား(၂) အပိုဒ်(၈) စာပိုဒ်ခွဲ(က)တွင် စည်ပင်သာယာရေးဆိုသည့် ကဏ္ဍပါဝင်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၉ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၏ အုပ်ချုပ်မှုအာဏာသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ဥပဒေပြုနိုင်သော ကိစ္စရပ်များသို့ သက်ရောက်ပျံ့နှံ့သည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ထို့ကြောင့် စည်ပင်သာယာရေးကဏ္ဍ သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ဥပဒေပြုခွင့်ရှိပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၏ အုပ်ချုပ်မှုအာဏာအတွင်းကျရောက်သည့် ကိစ္စရပ်ဖြစ်ကြောင်း၊ စည်ပင်သာယာရေးဆိုင်ရာကိစ္စရပ်သည် မိဘပြည်သူများအတွက် နေ့စဉ်အမျှထိတွေ့ဆောင်ရွက်ပေးနေရသည့် လုပ်ငန်းကိစ္စရပ်များဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများကို တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဥပဒေနှင့်အညီ မိမိတို့ဒေသအခြေအနေများဖြင့် လိုက်လျောညီစေရန် ဆောင်ရွက်ခွင့်ပေးထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများတွင် သက်ဆိုင်ရာတိုင်းဒေသကြီးပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့် စည်ပင်သာယာရေးဝန်ကြီးဌာနကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ် သဖြင့် ပြည်ထောင်စုအဆင့်တွင် စည်ပင်သာယာာရေးဝန်ကြီးဌာနကို ဖွဲ့စည်းဆောင်ရွက်ရန်မသင့်ကြောင်း နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံသူ၏ ရှင်းလင်းချက်ကို လွှတ်တော်နာယကက ပြောကြားသည်။

ထို့​​နောက် လွှတ်​တော်ကိုယ်စားလှယ်သုံးဦး၏ သ​​ဘောထားအား ထပ်မံ​တောင်းခံရာ လွှတ်​တော်ကိုယ်စားလှယ်သုံးဦးက နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ပြန်လည်ရှင်းလင်းချက်အ​ပေါ်လက်ခံသဖြင့် မူလလျာထားသည့် ဝန်ကြီးဌာနများအတိုင်း ဖွဲ့စည်းရန် သ​ဘောတူ​ကြောင်း သ​ဘောထားများ ပြန်လည်တင်ပြ​ဆွေး​နွေးခဲ့သဖြင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုတင်ပြထားသည့် ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ဌာနကို ဖွဲ့စည်းရန် သ​ဘောတူ​ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကက ​ကြေညာခဲ့သည်။

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုခဲ့ပြီး ပြည်​ထောင်စုလွှတ်​တော်က ဖွဲ့စည်းရန် သ​ဘောတူခဲ့သည့် ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ဌာနမှာ ပြည်​ထောင်စုဝန်ကြီး နိုင်ငံတော်သမ္မတရုံး၊ အမျိုးသားစီမံကိန်း ရင်းနှီးမြုပ်နှံမှု နှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန၊ ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဒီဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ၊ဘဏ္ဍာရေး နှင့် အခွန် ဝန်ကြီးဌာန ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ တိုင်းရင်းသား လူမျိုးများ ရေးရာ ဝန်ကြီးဌာန၊ ဥပဒေ ရေးရာ ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ သိပ္ပံ နှင့် နည်းပညာ ဝန်ကြီးဌာန ၊ ကျန်းမာရေး ဝန်ကြီးဌာန ၊ အမျိုးသမီး ရေးရာ ဝန်ကြီးဌာန ၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ သာသနာရေး ဝန်ကြီးဌာန ၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား နှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အလုပ်သမား ဝန်ကြီးဌာန၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အားကစားရေးရာ ဝန်ကြီးဌာန၊ လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ ဟိုတယ်၊ ခရီးသွားလာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတို့ ဖြစ်သည်။

အဆိုပါ ဝန်ကြီးဌာန ၃၁ ဌာနတွင် ပြည်ထောင်စုဝန်ကြီး ၃၀ ဦးခန့်အပ်ရန်လည်း နိုင်ငံတော်သမ္မတအဖြစ် ရွေးချင်တင်မြှောက်ခံထားရသူက တင်ပြမှုအ​ပေါ် ပြည်​ထောင်စုလွှတ်​တော်က သ​ဘောတူခဲ့သည်။

Most Read

Most Recent