မြန်မာနိုင်ငံအပါအဝင် အာဆီယံမြောက်ပိုင်းဒေသဖြစ်သည့် မဲခေါင်ဒေသခွဲနိုင်ငံများတွင် Fire Hotspot နှင့် မီးခိုးမြူငွေ့ ညစ်ညမ်းဖြစ်ပေါ်မှု သတိပေးချက်အဆင့် ၃ (Alert Level 3) သို့ ရောက်ရှိနေ

မြန်မာနိုင်ငံအပါအဝင် အာဆီယံမြောက်ပိုင်းဒေသဖြစ်သည့် မဲခေါင်ဒေသခွဲနိုင်ငံများတွင် Fire Hotspot နှင့် မီးခိုးမြူငွေ့ ညစ်ညမ်းဖြစ်ပေါ်မှု သတိပေးချက်အဆင့် ၃ (Alert Level 3) သို့ ရောက်ရှိနေ
Published 5 April 2026

မြန်မာနိုင်ငံအပါအဝင် အာဆီယံမြောက်ပိုင်းဒေသဖြစ်သည့် မဲခေါင်ဒေသခွဲနိုင်ငံများတွင် Fire Hotspot နှင့် မီးခိုးမြူငွေ့ ညစ်ညမ်းဖြစ်ပေါ်မှု သတိပေးချက်အဆင့် ၃ (Alert Level 3) သို့ ရောက်ရှိနေကြောင်း မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်း ဆောင်ရွက်ရေးကော်မတီက ထုတ်ပြန်သည်။

နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ဖြစ်ပေါ်နိုင်သည့် အခြေအနေများနှင့် စပ်လျဉ်း၍ စင်ကာပူနိုင်ငံအခြေစိုက် အာဆီယံမိုးလေဝသစောင့်ကြည့်လေ့လာရေးဗဟိုဌာန (ASEAN Specialized Meteoro-logical Center - ASMC) မှ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံအပါအဝင် အာဆီယံမြောက်ပိုင်းဒေသဖြစ်သည့် မဲခေါင်ဒေသခွဲနိုင်ငံများတွင် ၂၀၂၆ ခုနှစ် မတ် ၂၇ ရက်မှစ၍ Fire Hotspot နှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှု သတိပေးချက်အဆင့် (၃) (Alert Level 3) အခြေအနေသို့ စတင်ရောက်ရှိပြီဖြစ်ပါကြောင်း၊ မဲခေါင်ဒေသတွင် ခြောက်သွေ့ရာသီဥတု ဆက်လက်ဖြစ်ပေါ်နေပြီး Fire Hotspot နှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှု အခြေအနေသည် ပိုမိုများပြားလာနိုင်ပါကြောင်း၊ NOAA-20 ဂြိုဟ်တုမှ စောင့်ကြည့်လေ့လာမှုအရ ၂၀၂၆ ခုနှစ်၊ မတ် ၂၅ ရက်နှင့် ၂၆ ရက်များတွင် မဲခေါင်ဒေသအတွင်း Fire Hotspot ၂၈၀၆ ခုနှင့် ၃၁၃၉ ခု ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိပြီး မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့တွင် နေရာအနှံ့အပြား၌ တွေ့ရှိရကြောင်း သိရသည်။

မဲခေါင်ဒေသခွဲတွင် အလယ်အလတ်မှ သိပ်သည်းသည့် မီးခိုးမြူငွေ့ ဖြစ်ပေါ်မှုများကို လေ့လာတွေ့ရှိခဲ့ကြောင်း၊ လာမည့်သီတင်းပတ်များအတွင်း မဲခေါင်ဒေသခွဲ၏ နေရာအများစုတွင် မိုးခေါင်သော အခြေအနေများ ဆက်လက်တည်ရှိမည်ဟု ခန့်မှန်းထားပြီး လေတိုက်ခတ်မှုများသည် အများအားဖြင့် တောင်ဘက် သို့မဟုတ် အနောက်တောင်ဘက်မှ တိုက်ခတ်မည်ဟု ခန့်မှန်းထားကြောင်း၊ Fire Hotspot များနှင့် မီးခိုးမြူငွေ့ ဖြစ်ပေါ်မှုလည်း ပိုမိုဆိုးရွားလာနိုင်ပြီး မဲခေါင်ဒေသအတွင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ဖြစ်ပေါ်မှုအန္တရာယ်မှာ ပိုမိုမြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံသည် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ အာဆီယံသဘောတူညီချက် (ASEAN Agree-ment on Transboundary Haze Pollution-AATHP) တွင် ၂၀၀၃ ခုနှစ်၌ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပြီး အဆိုပါသဘော တူညီချက်အရ ၂၀၃၀ ပြည့်နှစ်တွင် မီးခိုးမြူငွေ့ကင်းစင်သောအာဆီယံဖြစ်စေရေး မျှော်မှန်းချက်ဖြင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်း မှုထိန်းချုပ်ရေးဆိုင်ရာ အာဆီယံပူးပေါင်းဆောင်ရွက်ရေးလမ်းပြမြေပုံ (၂၀၂၃-၂၀၃၀) ကိုလည်းကောင်း၊ မဲခေါင်ဒေသခွဲနိုင်ငံများအတွက် Fire Hotspot ဖြစ်ပေါ်မှုလျှော့ချရမည့် အညွှန်းကိန်းများသတ်မှတ်၍ ၂၀၁၇ ချင်းရိုင်လုပ်ငန်းစီမံချက်ကိုလည်းကောင်း ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်၊ ၂၀၂၃ ခုနှစ် ဧပြီ ၇ ရက်၌ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ ခေါင်းဆောင်များအကြား ဆွေးနွေးခဲ့သည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ (၃) နိုင်ငံညှိနှိုင်းဆွေးနွေးပွဲ၏ ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော် ရန်အတွက် လာအိုနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ပူးပေါင်း၍ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ ပူးတွဲ လုပ်ငန်းစီမံချက် (Joint Plan of Action - CLEAR Sky Strategy) ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် Fire Hotspot ဖြစ်ပေါ်မှု လျှော့ချရေးနှင့် မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေးအတွက် နိုင်ငံအဆင့်အနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ၊ မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ၊ တိုင်းဒေသကြီး/ ပြည်နယ်တို့တွင် လုပ်ငန်းအဖွဲ့များကို အဆင့်အလိုက်ဖွဲ့စည်းပြီး မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုထိန်းချုပ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်မှစတင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ဆက်စပ်ဌာနများပါဝင်သည့် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များကို ခရိုင်အဆင့် (၈၅) ဖွဲ့၊ မြို့နယ်အဆင့် (၂၂၀) ဖွဲ့ ဖွဲ့စည်းကာ Fire Hotspot များကို မြေပြင်တွင် ဖြစ်ပေါ်မှုရှိ/မရှိ စစ်ဆေးပြီး မီးလောင်မှုဖြစ်ပေါ်သည့် နေရာများတွင် ဒေသခံပြည်သူများအား အသိပညာပေးခြင်း၊ Fire Hotspot အခြေ အနေများအား စောင့်ကြည့်လေ့လာခြင်း၊ ဝန်းကျင်လေထုအရည်အသွေး စောင့်ကြည့်တိုင်းတာခြင်း၊ ဟောပြောပွဲများကျင်းပခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လူမှုကွန်ရက်စာမျက်နှာများမှ တစ်ဆင့် Talk Show များကျင်းပခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့၏ နယ်နိမိတ်တစ်လျှောက်တွင် လက်ရှိဖြစ်ပေါ်လျက်ရှိသော နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုကို ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း စွန့်ပစ်အမှိုက်များကို မီးရှို့ခြင်း မပြုလုပ်ပဲ မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးကဏ္ဍတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းကြောင်း မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီက ထုတ်ပြန်သည်။

Most Read

Most Recent