အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် လောင်စာဆီစျေးနှုန်းများ မြင့်တက်နေချိန်အတွင်း ပါကစ္စတန်နိုင်ငံ၏ မြို့တော်နှင့် လူဦးရေအထူထပ်ဆုံး ပြည်နယ်များတွင် နိုင်ငံပိုင် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ်များကို လာမည့်တစ်လတာအတွက် အခမဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများက ဧပြီ ၃ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်၊ အစ္စရေးနှင့် အီရန်ကြားဖြစ်ပွားနေသည့် စစ်ပွဲကြောင့် လောင်စာထောက်ပံ့မှုများ လျော့ကျလာချိန်တွင် ပါကစ္စတန်အစိုးရက လောင်စာဆီဈေးနှုန်းများကို အဆမတန် မြှင့်တင်ခဲ့ပြီးနောက် ယခုကဲ့သို့ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ပါကစ္စတန်အစိုးရက ဓာတ်ဆီတစ်လီတာလျှင် ၄၈၅ ရူပီး (၁ ဒသမ ၇၄ ဒေါ်လာ) အထိ ၄၂ ဒသမ ၇ ရာခိုင်နှုန်းခန့် ဈေးနှုန်းမြှင့်တင်လိုက်ပြီးနောက် လောင်စာဆီဆိုင်များတွင် တန်းစီစောင့်ဆိုင်းမှုများနှင့် လမ်းပေါ်ထွက် ဆန္ဒပြမှုများ ဖြစ်ပွားလာခဲ့သည့်အတွက် ယခုကဲ့သို့ အခမဲ့ပြေးဆွဲပေးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးချုပ် ရှာဘတ် ရှရစ်ဖ်က ဧပြီ ၃ ရက် နှောင်းပိုင်းတွင် ထိုဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့ပြီး အခွန်စည်းကြပ်မှုကို လျှော့ချကာ ဓာတ်ဆီဈေးနှုန်းကို တစ်လီတာလျှင် ၃၇၈ ရူပီးအဖြစ် ပြန်လည်လျှော့ချပေးခဲ့သည်။
"ဒီလို ဈေးနှုန်းလျှော့ချမှုဟာ အနည်းဆုံး တစ်လတာ သက်ရောက်မှုရှိမှာဖြစ်ပါတယ်။ ပြည်သူတွေရဲ့ လူနေမှုဘဝ ပုံမှန်ပြန်ဖြစ်သွားတဲ့အထိ ကျွန်တော် မနားမနေ ကြိုးစားသွားမယ်လို့ ကတိပေးပါတယ်" ဟု ရှရစ်ဖ်က နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့သည်။
သို့သော် ဒီဇယ်ဈေးနှုန်းကိုမူ လျှော့ချပေးခဲ့ခြင်း မရှိဘဲ ၅၄ ဒသမ ၉ ရာခိုင်နှုန်းအထိ ဈေးနှုန်းမြှင့်တင်ပြီးနောက် သတ်မှတ်ထားသည့် တစ်လီတာလျှင် ၅၂၀ ရူပီးအတိုင်း ဆက်လက်တည်ရှိနေမည်ဖြစ်သည်။
"ဧပြီ ၄ ရက်ကစပြီး နောက်ထပ် ရက်ပေါင်း ၃၀ အထိ အစ္စလာမ်မာဘတ်မြို့တော်မှာရှိတဲ့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ်အားလုံးကို ပြည်သူတွေအတွက် အခမဲ့ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်" ဟု ပြည်ထဲရေးဝန်ကြီး မိုစင် နက်ဗီက X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
ထို့ကြောင့် အစိုးရအနေဖြင့် ရူပီး သန်း ၃၅၀ ခန့် အကျိုးခံစားခွင့် ပေးလျော်ရမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ပါကစ္စတန်နိုင်ငံ၏ လူဦးရေအထူထပ်ဆုံးဖြစ်သော ပန်ဂျပ်ပြည်နယ် ဝန်ကြီးချုပ် မာယမ် နာဝါဇ် ရှရစ်ဖ်ကလည်း နိုင်ငံပိုင် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ်များအတွက် ယာဉ်စီးခများကို ပယ်ဖျက်ပေးခဲ့ပြီး ကုန်တင်ကားများနှင့် ဘတ်စ်ကားများအတွက် သတ်မှတ်ထားသော ထောက်ပံ့ကြေးများ ပေးအပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များအနေဖြင့် မြင့်တက်လာသော ကုန်ကျစရိတ်များကို ကာမိစေရန် ခရီးသည်များထံမှ ယာဉ်စီးခများ တိုးမြှင့်ကောက်ခံခြင်းမပြုရန် တိုက်တွန်းခဲ့ပြီး အခြေအနေများ ပြန်ကောင်းလာသည်နှင့်တစ်ပြိုင်တည်း ပြည်သူများ၏ စီးပွားရေးဝန်ထုပ်ဝန်ပိုးများကို လျှော့ချပေးမည်ဟု မာယမ်က ကတိပြုခဲ့သည်။
ဆင်းဒ်ပြည်နယ်ရှိ ပါကစ္စတန်၏ အကြီးဆုံးမြို့ဖြစ်သော ကရာချီမြို့ရှိ ပြည်နယ်အစိုးရက ဆိုင်ကယ်စီးနင်းသူများနှင့် တောင်သူလယ်သမားများအတွက် အလားတူ ထောက်ပံ့ကြေးများ ပေးအပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ခဲ့သည့် အီရန်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းဒေသသည် ပဋိပက္ခအတွင်းသို့ ကျရောက်သွားခဲ့ပြီး အီရန်၏ လက်တုံ့ပြန်တိုက်ခိုက်မှုများသည် ပင်လယ်ကွေ့တစ်လျှောက်ရှိ ပစ်မှတ်များကို ထိမှန်ခဲ့ကာ ဟော်မုဇ် ရေလက်ကြားတွင် သင်္ဘောအသွားအလာများကိုလည်း လုံးဝနီးပါး ရပ်ဆိုင်းသွားစေခဲ့သည်။
အဆိုပါ ဟော်မုဇ်ရေလက်ကြားသည် ကမ္ဘာ့စွမ်းအင်ထောက်ပံ့မှု၏ ငါးပုံတစ်ပုံခန့် ဖြတ်သန်းသွားလာရာ နေရာဖြစ်ပြီး ထိုစွမ်းအင်များအနက် အများစုမှာ အာရှတိုက်သို့ ဦးတည်ပေးပို့ခြင်းဖြစ်သည်။
ပါကစ္စတန် အစိုးရသည် လောင်စာဆီချွေတာရေး အစီအမံများစွာကို ထုတ်ပြန်ကြေညာခဲ့ပြီး ထိုအစီအမံအနက် အစိုးရရုံးအတော်များများကို သီတင်းတစ်ပတ်လျှင် လေးရက်သာ ရုံးတက်စေခြင်း၊ ကျောင်းပိတ်ရက်များကို တိုးမြှင့်ခြင်းနှင့် အချို့သော သင်ခန်းစာများကို အွန်လိုင်းမှတစ်ဆင့် သင်ကြားစေခြင်းတို့ပါဝင်သည်။
Ref: AFP















