လေးနှစ်ကျော်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီ ၂၈၇ ခုနှင့် ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်များကို ဗဟိုဘဏ်က အမည်မည်းစာရင်းထည့်သွင်းကြောင်း ကြေညာသည်။
၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၂၅ ခုနှစ် မတ် ၃၀ ရက်အထိ ကာလအတွင်း ပို့ကုန်တင်ပို့ခဲ့သည့် ပို့ကုန်လုပ်ငန်းရှင်များသည် ပို့ကုန်ရငွေများကို သတ်မှတ်ကာလအတွင်း ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် မပျက်မကွက် ပြန်လည်ထည့်သွင်းစေရေးအတွက် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် AD လိုင်စင်ရဘဏ်များ ပူးပေါင်း၍ ဆက်သွယ်ခေါ်ယူ စာရင်းရှင်းလင်းခဲ့ပြီးနောက် စာရင်းရှင်းလင်းခြင်းမရှိသည့် ကုမ္ပဏီများအား ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် မတ် ၂၆ ရက် စိစစ်ချက်အရ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်အထိ ကာလအတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီ ၂၀၇ ခုသည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာတို့ပါ သတ်မှတ်ချက်များအား လိုက်နာခြင်း မရှိသဖြင့် ကုမ္ပဏီနှင့် ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်များအား အမည်မည်းစာရင်း ထည့်သွင်းကြောင်း သိရသည်။
နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှ ရငွေများ အပြည့်အဝရရှိရန်မှာ အဓိကကျသည့်အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈-ခုနှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ်-၃၅ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၁၂၃ တို့တွင် အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ ၃၀ ရက်အတွင်း အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ ၆ဝ ရက်အတွင်း ပို့ကုန်တင်ပို့သူ၏ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန်ဖြစ်ကြောင်း ပြဋ္ဌာန်းသတ်မှတ်ထားသည်။
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ (FEML) အခန်း (၁၁)၊ ပုဒ်မ ၃၈-၁ တွင် “မည်သူမျှ ပို့ကုန်ရငွေအားလုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန် ပျက်ကွက်ခြင်းမရှိစေရ” ဟုလည်းကောင်း၊ အဆိုပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက FEML ပုဒ်မ ၄၂-က အရ “ထိုသူကို တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” ဟုလည်းကောင်း ပြဋ္ဌာန်းထားပါသဖြင့် ပို့ကုန်တင်ပို့သူများအနေဖြင့် သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သည်။









