အီရန်နှင့် စစ်ပွဲပြီးပါက NATO နှင့် ဆက်ဆံရေးကို ပြန်ဆန်းစစ်ရတော့မည်ဟု အမေရိကန်ဆို

အီရန်နှင့် စစ်ပွဲပြီးပါက NATO နှင့် ဆက်ဆံရေးကို ပြန်ဆန်းစစ်ရတော့မည်ဟု အမေရိကန်ဆို
Published 1 April 2026
Ref: AFP

အီရန်စစ်ပွဲပြီးဆုံးပါက NATO နှင့် ဆက်ဆံရေးကို အမေရိကန်အစိုးရက ပြန်သုံးသပ်တော့မည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက မတ် ၃၁ ရက်တွင် ပြောကြားလိုက်သည်။

Fox News နှင့်အင်တာဗျူးတွင် ရူဘီယိုက “အမေရိကန်အတွက် NATO မဟာမိတ်အဖွဲ့ရဲ့ တန်ဖိုးက ဘာလဲဆိုတာ ပြန်ပြီးစစ်ဆေးရလိမ့်မယ်” ဟု ဆိုခဲ့ပြီး နောက်ဆုံးဆုံးဖြတ်မည့်သူက သမ္မတ ဒေါ်နယ်ထရမ့်ဟုလည်း ပြောသည်။

ရူဘီယိုက ၎င်းအထက်လွှတ်တော်အမတ် ဖြစ်ခဲ့စဉ်က NATO ဘက်မှ အခိုင်အမာရပ်တည် ကာကွယ်ပေးသူဖြစ်ပြီး ယင်းသို့ရပ်တည်ပေးခဲ့သည့် အဓိကအကြောင်းရင်းမှာ ဥရောပနိုင်ငံများတွင် အမေရိကန်စစ်အခြေစိုက်စခန်းများ ရှိနေပြီး ထိုစခန်းများမှတစ်ဆင့် အမေရိကန်စစ်တပ်က ကမ္ဘာ့နေရာအနှံ့အပြားသို့ စစ်အင်အားပြနိုင်မှုကြောင့်ဟု ဆိုသည်။

ဆက်ပြီး၎င်းက ထိုအခြေစိုက်စခန်းများကို အမေရိကန်က သုံးခွင့်မရ၊ အမေရိကန်၏ အကျိုးစီးပွားများကို ကာကွယ်ရန် ထိုစခန်းများကို သုံးခွင့်မရတော့ပါက NATO က တစ်ဖက်တည်းကသာ အကျိုးအမြတ်ရနေသည့် One-way street အနေအထား ဖြစ်နေလိမ့်မည်ဟု ဝေဖန်ခဲ့သည်။

NATO မဟာမိတ်များကို အီရန်စစ်ပွဲတွင် တိုက်ရိုက်ပါဝင် ဗုံးကြဲပေးရန် အမေရိကန်က တိုက်တွန်းနေခြင်းမဟုတ်ဘဲ ၎င်းတို့၏စစ်စခန်းများကို အသုံးပြုခွင့်တောင်းနေခြင်းသာ ဖြစ်သည်ကို ငြင်းဆန်နေမည်ဆိုပါက “အမေရိကန်က ဘာလို့ NATO ထဲမှာ ဆက်နေမှာလဲ” ဟု ရူဘီယိုက မေးခွန်းထုတ်ခဲ့သည်။

စပိန်က အီရန်စစ်ဆင်ရေးတွင်ပါသည့် အမေရိကန် စစ်လေယာဉ်များအား ၎င်းတို့၏ဝေဟင်ပိုင်နက်ကို အသုံးပြုခွင့်ပိတ်မှု ၊ အီတလီက အရှေ့အလယ်ပိုင်းသို့ စစ်ဆင်ရေးထွက်ခွာမည့် အမေရိကန်လေယာဉ်ကို ဆင်းသက်ခွင့်မပေးမှုတို့ ဖြစ်လာပြီးနောက် ရူဘီယို၏ မှတ်ချက်ထွက်လာခြင်းဖြစ်သည်။

 

Most Read

Most Recent