■(၈၁)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကျင်းပခဲ့ပြီး တပ်မတော် ကာကွယ်ရေးဦး စီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်​ရောက်

■(၈၁)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကျင်းပခဲ့ပြီး တပ်မတော် ကာကွယ်ရေးဦး စီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်​ရောက်
Published 27 March 2026

(၈၁)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကို ယနေ့(မတ် ၂၇ ရက်)ညပိုင်းတွင် နေပြည်တော်စစ်ရေးပြကွင်း၌ ကျင်းပခဲ့သည်။

 စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်ကြမည့် စစ်​ကြောင်းများ၊  ယန္တရား​ယာဥ်များတို့သည် ဦးစွာ စစ်ရေးပြ စစ်ကြောင်းကြီးများအလိုက် သစ်တပ်စစ်ရေးပြကွင်း၌ စတင်စုရုံးရောက်ရှိနေရာယူပြီး စစ်ရေးပြကွင်းအတွင်း ချီတက်​နေရာယူကြသည်။

ထိုသို့ ချီတက်ချိန်တွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် တပ်မတော်ကာကွယ်ရေဦးစီးချုပ်၏ ဇနီးဒေါ်ကြူကြူလှ၊ ကော်မရှင် အတွင်းရေးမှူး ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)၏ ဇနီး၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ၏ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)၏ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)၏ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၏ ဇနီးများက ဂုဏ်ပြုပန်းကုံးများစွပ်၍ကြိုဆိုကြသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အရာရှိ၊ စစ်သည်မိသားစုများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးတို့မှ အရာရှိ၊ စစ်သည်၊ မိသားစု များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများ၊ ဝန်ကြီးဌာနအသီးသီးမှ နိုင်ငံ့ ဝန်ထမ်းများ၊ ရုပ်ရှင်ဂီတအနုပညာရှင်များ၊ ဒေသခံမိဘပြည်သူများကလည်း စစ်ကြောင်းကြီးများ ချီတက်ရာလမ်းတစ်လျှောက် ကြိုဆိုကာ ဂုဏ်ပြုပန်းကုံးများစွပ်၍ ကြိုဆိုခဲ့ကြသည်။

အဆိုပါ (၈၁)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားသို့ ကော်မရှင် အတွင်းရေးမှူး ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရဲဘော်သုံးကျိပ်ဝင် မိသားစုဝင်များ၊ အငြိမ်းစားတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ ၏ မိသားစုဝင်များ၊ အငြိမ်းစားတပ်မတော်(ကြည်း၊ ရေ၊ လေ)အရာရှိကြီးများ၊ လွတ်လပ်ရေး မော်ကွန်းဝင်ပုဂ္ဂိုလ်ကြီးများ၊ အကြံပေးပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်သား အငြိမ်းစားသံအမတ်ကြီးများ၊ နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူး များနှင့် တာဝန်ရှိသူများ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စား လှယ်များ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အောင်ဆန်းသူရိယ ဘွဲ့ရရှိခဲ့သူများ၏ မိသားစုဝင်များနှင့် ဆွေမျိုးများ၊ သီဟသူရဘွဲ့၊ သူရဘွဲ့နှင့် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာဂုဏ်ထူး ဆောင်ဘွဲ့၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ရရှိခဲ့သည့် အရာရှိ၊ တပ်မတော်သား မိသားစုဝင်များ၊ ဆွေမျိုးများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ အသွင်ပြောင်းပြည်သူ့စစ်၊ မူလပြည်သူ့စစ်နှင့် နယ်ခြားစောင့်ဗဟို အကြံပေးကွပ်ကဲရေးအဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ နှင့် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့တို့မှ ပုဂ္ဂိုလ်များ၊ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ အသင်းအဖွဲ့များမှဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ တပ်မတော် နေ့ဂုဏ်ပြုဇာတ်လမ်းတွင်ပါဝင်ခဲ့သည့် အနုပညာရှင်များ၊ စစ်ချီသီချင်း၊ စစ်သည်တေး သီချင်း၊ ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည် ပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ တပ်မတော်နေ့ အလှူရှင်များ၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားဖွံ့ဖြိုး ရေးတက္ကသိုလ် မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ အထူး ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ တက်ရောက်​ကြ​ကြောင်း သိရသည်။

ထို့​နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားကျင်းပသည့် စစ်ရေးပြ ကွင်းသို့ရောက်ရှိပြီး အလေးပြုခံစင်မြင့်၌ နေရာယူရာ စစ်ကြောင်းကြီးများမှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အလေးပြုကြသည်။ 

ထိုသို့စစ်ကြောင်းကြီးများ၏အလေးပြုခြင်းကို ခံယူနေချိန်တွင် ဂုဏ်ပြုအမြောက်တပ်ဖွဲ့မှလည်း အမြောက် ၁၉ ချက်ကို စစ်ရေးပြအခမ်းအနားဖြင့် ဂုဏ်ပြုပစ်ဖောက်သည်။

ထိုသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် စစ်ရေးပြကွင်းသို့ရောက်ရှိစဉ် MiG-29 ဘက်စုံသုံး တိုက် လေယာဉ်နစခ စီးက ရှုရပ်ရှေ့တည့်တည့်မှ မီးကျည်များထုတ်လွှတ်၍ အလေးပြုပျံသန်းသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က စစ်ရေးပြစစ်ကြောင်းကြီးများအား လိုက်လံစစ်ဆေးခဲ့သည်။

ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ စစ်ရေးပြစစ်ကြောင်းကြီးများမှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုပြီး သစ္စာလေးချက်ကို သံပြိုင်ရွတ်ဆိုခဲ့ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားပြီး​နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား စစ်ရေးပြမှူးကြီး ဗိုလ်ချုပ် ရဲရင့်ဝင်း ဦးဆောင်သော စစ်ကြောင်းကြီးများမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အစီအစဉ်အတိုင်း စစ်ကြောင်းပုံဖြင့် ညီညာစွာချီတက်အလေးပြုကြပြီး စစ်ရေးပြကွင်းကြီး အတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။

ထိုသို့ ချီတက်အလေးပြုချိန်တွင် တပ်မတော်(လေ)မှ ​လေယာဥ်၊ ရဟတ်ယာဥ်၊ တိုက်​လေယာဥ်များက သရုပ်ပြပျံသန်းခြင်းပြုလုပ်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အ​လေးပြုခြင်းတို့​ဆောင်ရွက်ခဲ့သည်။

Most Read

Most Recent