အက်သလက်တီကိုအသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး ဂရီးဇ်မန်းဟာ မေဂျာလိဂ်ကလပ် အော်လန်ဒိုစီးတီးနဲ့ စာချုပ်ချုပ်ဆိုဖို့အတွက် အခုတစ်ပတ်အတွင်း အမေရိကန်ကို သွားမယ်လို့ သိရပါတယ်။
ဂရီးဇ်မန်း(၃၅ နှစ်)ဟာ ရာသီကုန်မှာ အက်သလက်တီကိုအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တာကြောင့် အော်လန်ဒိုစီးတီးအသင်းက ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိုင်မှာပါ။
ဂရီးဇ်မန်းက ပြီးခဲ့တဲ့လမှာကတည်းက အော်လန်ဒိုအသင်းကို ပြောင်းရွှေ့ဖို့ စဉ်းစားခဲ့ပေမဲ့ အက်သလက်တီကိုအသင်းနဲ့အတူ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားလိုတာကြောင့် ရာသီကုန်မှ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
မီဒီယာတွေကတော့ လက်ရှိအချိန်မှာ ဂရီးဇ်မန်းနဲ့ အော်လန်ဒိုစီးတီးအသင်းတို့ နှုတ်အားဖြင့် သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း၊ (၂)နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး တစ်နှစ်ထပ်မံသက်တမ်းတိုးနိုင်မယ့် သဘောတူညီမှုလည်း ပါဝင်မှာဖြစ်ကြောင်း၊ ဂရီးဇ်မန်းအနေနဲ့ ကျောနံပါတ်(၇)ကိုပဲ ဝတ်ဆင်ကစားသွားရမှာဖြစ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။
အက်သလက်တီကိုအသင်းကလည်း အပြောင်းအရွှေ့လုပ်ဆောင်ဖို့ ခွင့်ပြုချက်ပေးခဲ့တာကြောင့် ဂရီးဇ်မန်းက အခု နိုင်ငံတကာရက်သတ္တမှာ အမေရိကန်ကို ခရီးထွက်မှာဖြစ်ကြောင်း သိရပါတယ်။















