တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို မတ် ၂၀ ရက်တွင် ကျင်းပမည်ဖြစ်ပြီး သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရန် အစုအဖွဲ့အစည်းအဝေးများ စတင်မည့်ရက် သတ်မှတ်ကြေညာမည်ဖြစ်ကြောင်း သိရသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက နေရာယူခြင်း၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ပထမနေ့အစီအစဉ် ကြေညာခြင်းများ ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။
ထို့နောက် အစည်းအဝေး မတက်ရောက်နိုင်သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြု မှတ်တမ်းတင်ခြင်း၊ ပြည်ထောင်စုလွှတ်တော်နာယကက လွှတ်တော်သို့ နှုတ်ခွန်းဆက်စကား ပြောကြားခြင်းများ ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရန်အတွက် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အလိုက် အစည်းအဝေးများ စတင်ကျင်းပမည့်နေ့ရက်ကို သတ်မှတ်ကြေညာခြင်း၊ ပြည်ထောင်စုလွှတ်တော်နာယကက အစည်းအဝေး ပထမနေ့ ရပ်နားကြောင်းနှင့် ဒုတိယနေ့ ကျင်းပမည့် နေ့ရက်နှင့် အချိန်ကို ကြေညာခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။















