အီရတ်ရှိ အမေရိကန်သံရုံးအား တိုက်ခိုက်မှုများကို ငါးရက်ကြာ ရပ်နားမည်ဟု အီရန်လိုလားသည့် ခါတက်ဘ် ဟစ်ဇ်ဘိုလာအဖွဲ့ ပြောကြား

အီရတ်ရှိ အမေရိကန်သံရုံးအား တိုက်ခိုက်မှုများကို ငါးရက်ကြာ ရပ်နားမည်ဟု အီရန်လိုလားသည့် ခါတက်ဘ် ဟစ်ဇ်ဘိုလာအဖွဲ့ ပြောကြား
Published 19 March 2026

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်ရှိ အမေရိကန်သံရုံးအား တိုက်ခိုက်မှုများကို ငါးရက်ကြာ ရပ်နားထားမည် ဖြစ်ကြောင်း အီရတ်နိုင်ငံရှိ အီရန်လိုလားသည့် ခါတက်ဘ်ဟစ်ဇ်ဘိုလာအဖွဲ့က မတ် ၁၉ ရက်တွင် ပြောကြားခဲ့ သည်။

သို့သော် အဆိုပါ ရပ်နားမှုသည် အခြေ အနေအချို့အပေါ် မူတည်နေပြီး ယင်းတို့အနက် အစ္စရေးအနေဖြင့် လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်၏ အချို့သောနေရာများကို တိုက်ခိုက်နေမှုများ ရပ်တန့်ရန်ဟူသည့် အချက်လည်း ပါဝင်သည်။

မတ် ၁၈ ရက် ညပိုင်းမှ မတ် ၁၉ ရက် နံနက်ပိုင်းအထိ ဘဂ္ဂဒက်မြို့တော်ရှိ အမေရိကန်သံရုံးအပေါ် ဒရုန်း သို့မဟုတ် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ကြောင်း အေအက်ဖ်ပီသတင်းဌာနက ဖော်ပြခဲ့သည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အီရတ်၏ အိမ်နီးချင်း အီရန်နိုင်ငံအပေါ် အမေရိကန် နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပွားလာသည့် ဒေသတွင်း ပဋိပက္ခများအတွင်း အီရတ်နိုင်ငံလည်း ၎င်း၏ သဘောဆန္ဒမပါဘဲ ဆွဲသွင်းခြင်း ခံခဲ့ရသည်။

အစ္စရေးနှင့် အမေရိကန်၏ တိုက်ခိုက်မှုများသည် အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့များကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ပြီး ထိုအဖွဲ့များကလည်း အီရတ်နိုင်ငံနှင့် ဒေသတွင်းရှိ အမေရိကန်၏ အကျိုးစီးပွား များကို နေ့စဉ်နှင့်အမျှ ပြန်လည်တိုက်ခိုက်နေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

အမေရိကန်အစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသော အီရန်လိုလားသည့် ခါတက်ဘ် ဟစ်ဇ်ဘိုလာအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ်သည် ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံးကို ပစ်မှတ် ထားတိုက်ခိုက်နေသည့် စစ်ဆင်ရေးများကို ငါးရက်ကြာ ရပ်နားထားရန် အမိန့်ထုတ်ပြန်လိုက်ကြောင်း ကြေညာခဲ့သည်။

သို့သော် ထိုသို့ ရပ်နားရန်အတွက် ခါတက်ဘ်ဟစ်ဇ်ဘိုလာအဖွဲ့က အခြေအနေအချို့ကို သတ်မှတ်ထားပြီး ၎င်းင်းတို့အနက် အစ္စရေးအနေဖြင့် ဘေရွတ်မြို့တောင်ဘက် ဆင်ခြေဖုံးရပ်ကွက်များအပေါ် ဗုံးကြဲတိုက်ခိုက်နေ မှုများကို ရပ်တန့်ရန်၊ ဘဂ္ဂဒက်နှင့် အခြားသော ပြည်နယ်များရှိ လူနေရပ်ကွက်များကို ဗုံးကြဲခြင်းမှ ရှောင်ကြဉ်ရန် သတ်မှတ်ချက်များ ပါဝင်သည်။

သို့သော် ရန်သူဘက်မှ အပစ်ရပ်စဲမှုကို ချိုးဖောက်ပါက ချက်ချင်းတုံ့ပြန်သွားမည်ဟု ခါတက်ဘ် ဟစ်ဇ်ဘိုလာအဖွဲ့က သတိပေးခဲ့ပြီး ငါးရက်တာကာလ ကုန်ဆုံးပြီးနောက်တွင်လည်း တိုက်ခိုက်မှုများကို အရှိန်မြှင့်တင်သွားမည်ဟု ထပ်လောင်းပြောဆိုခဲ့သည်။

မကြာသေးမီရက်များအတွင်း ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံးသည် ဒရုန်းနှင့် ဒုံးကျည်များဖြင့် အကြိမ်ကြိမ် ပစ်မှတ်ထားခြင်းခံခဲ့ရသော်လည်း အမေရိကန်၏ လေကြောင်းကာကွယ်ရေးစနစ်များက ပစ်ခတ်လာသော လက်နက်အများစုကို ကြားဖြတ်ဟန့်တားနိုင်ခဲ့သည်။

ထို့ပြင် စစ်ဘက်ဆိုင်ရာဝန်ထမ်းများ အခြေစိုက်ရာ ဘဂ္ဂဒက်နိုင်ငံတကာလေဆိပ်ရှိ အမေရိကန်သံတမန်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဗဟိုဌာနသည်လည်း ပုံမှန်ပစ်မှတ်ထားတိုက်ခိုက်ခြင်း ခံနေရသည်။

မတ် ၁၈ ရက် နံနက်ပိုင်းက အီရတ်နိုင်ငံ ကာဒစ်စတန်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၏ အာဘေးလ်မြို့တော်တွင် အနည်းဆုံး ပေါက်ကွဲမှုလေးခု ဖြစ်ပွားခဲ့ကြောင်း အေအက်ဖ်ပီ သတင်းထောက်များက ပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှု၏ ပစ်မှတ်သည် မည်သည့်နေရာဖြစ်သည်ကို တိတိကျကျ မသိရသေးသော်လည်း ပစ်လွှတ်လိုက်သော လက်နက်များကို မြို့ပေါ်တွင် ကြားဖြတ်ဟန့်တားနိုင်ခဲ့သည်။

အာဘေးလ်မြို့သည် အမေရိကန်၏ အဓိကကောင်စစ်ဝန်ရုံး တည်ရှိနေပြီး အာဘေးလ်လေဆိပ်တွင်လည်း အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့များ အခြေစိုက်ထားသည်။

တစ်ချိန်တည်းမှာပင် ဆီးရီးယားနိုင်ငံနှင့် နယ်စပ်အနီး အီရတ်အနောက်ဘက်ခြမ်းတွင် မတ် ၁၈ ရက်က တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့သဖြင့် Hashed al– Shaabi အမည်ရှိ ပြည်သူ့စစ်မဟာမိတ်အဖွဲ့မှ တိုက်ခိုက်ရေးသမား သုံးဦးသေဆုံးခဲ့သည်။                

Ref:AFP

Most Read

Most Recent