လေယာဉ်ဆီ အကန့်အသတ်ကြောင့် လေကြောင်းလိုင်းများက ခရီးသည်များ သယ်ဆောင်နိုင်သည့် ပစ္စည်းအလေးချိန်ပမာဏ လျှော့ချလိုက်ကြောင်း သိရသည်။
လတ်တလောကြုံတွေ့နေရသည့် လေယာဉ်ဆီအကန့်အသတ်ကြောင့် ယင်းသို့ကန်သတ်လိုက်ခြင်းဖြစ်သည်ဟု မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) နှင့် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) တို့က မတ် ၁၉ ရက်နံနက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ပြည်ပထွက်ခွာနှင့် ပြည်တွင်းဆိုက် ရောက်လေကြောင်းခရီးစဉ်များတွင် ကီလိုထပ်တိုးဝယ်ယူခွင့်ကို ကန့်သတ်လိုက်ကြောင်း၊ ယင်းအပြင် လေကြောင်းလိုင်းကို ပုံမှန်အသုံးပြုသည့် Sky Smile အစီအစဉ်တွင် ပါဝင်သည့် Ruby နှင့် Diamond အဆင့်ရှိ ခရီးသည်များအတွက် ကီလိုထပ်တိုးဝယ်ယူခွင့်ကို ပိတ်လိုက်ကြောင်း၊ Ruby အဆင့်ခရီးသည်များ၏ ခံစားခွင့်ဖြစ်သည့် အထူးတန်းအတွက် ၁၀ ကီလို၊ ရိုးရိုးတန်းအတွက် ၅ ကီလို ထပ်တိုးဝယ်ယူနိုင်ခွင့်၊ Diamond အဆင့်ခရီးသည် ခံစားခွင့်ဖြစ်သည့်အထူးတန်းအတွက် ကီလို ၂၀၊ ရိုးရိုးတန်းအတွက် ၁၀ ကီလို ထပ်တိုးဝယ်ယူခွင့်များကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း၊ နောက်ထပ်တစ်စုံတစ်ရာ ထပ်မံထုတ်ပြန်ခြင်းမရှိသည့်အချိန်အထိ ယင်းကန့်သတ်ချက်မှာ အကျုံးဝင်မည်ဖြစ်ကြောင်း MAI က ထုတ်ပြန်သည်။
အလားတူ MNA လေကြောင်းလိုင်းကလည်း ဘန်ကောက်နှင့် စင်ကာပူကောင်တာများတွင် ထပ်တိုးသယ်ယူခွင့် ၁၀ ကီလိုသာ အများဆုံးဝယ်ယူနိုင်တော့မည်ဖြစ်ကြောင်း၊ ထို့ပြင် MNA ကိုအမြဲတမ်းစီးနင်းနေသည့် ခရီးသည်များဖြစ်သည့် MNA CLUB အဖွဲ့ ဝင်များအနေဖြင့်လည်း ထပ်တိုးကီလိုဝယ်ယူခွင့်ကို ရပ်ဆိုင်းထားကြောင်း အဆိုပါလေကြောင်းလိုင်းက ထုတ်ပြန်ထားသည်။
အီရန်- အမေရိကန်/အစ္စရေးပဋိပက္ခကြောင့် ကမ္ဘာလုံးအနှံ့ လောင်စာဆီအကြပ် အတည်းများ ပေါ်ပေါက်လျက်ရှိပြီး နိုင်ငံအချို့ရှိ လေကြောင်းလိုင်းများမှာ ခေတ္တရပ်ဆိုင်း ခြင်းများရှိလာကြောင်း သိရသည်။















