■ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးအောင်လင်းဒွေးအား ရွေးချယ်တင်မြှောက်

■ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးအောင်လင်းဒွေးအား ရွေးချယ်တင်မြှောက်
Published 18 March 2026

တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ယနေ့ (မတ် ၁၈ ရက်) နံနက် ၁၀ နာရီမှစတင်၍ ကျင်းပလျက်ရှိပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ကို ရွေးကောက်တင်မြှောက်ရာတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးအောင်လင်းဒွေးအား ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။

ယနေ့ (မတ် ၁၈ ရက်) ကျင်းပသည့် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် သဘာပတိအဖြစ် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၅) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ဆောင်ရွက်ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ခြင်းတို့ကို ဆောင်ရွက်နေခြင်းဖြစ်သည်။

အမျိုးသားလွှတ်​တော်ကိုယ်စားလှယ် ဦး​အောင်လင်း​ဒွေးသည်မန္တ​လေးတိုင်း​ဒေသကြီး အမျိုးသားလွှတ်​တော်မဲဆန္ဒနယ်အမှတ် (၁၁) လွှတ်​တော်ကိုယ်စားလှယ်ဖြစ်သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်လင်းဒွေးသည် ကျင်းပပြီးစီးခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ မန္တလေးတိုင်းဒေသကြီး အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် အမှတ် (၃) မှ ရွေးကောက်ခံရခြင်းဖြစ်သည်။

ဦးအောင်လင်းဒွေးသည် တပ်မတော်တွင် ဗိုလ်ချုပ်ကြီးရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အတွင်းရေးမှူး၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။

တတိယအကြိမ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဖြစ်လာသည့် ဦးအောင်လင်းဒွေးသည် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၏ ပထမ ၂ နှစ်ခွဲကာလအတွက် ပြည်ထောင်စုလွှတ်တော်နာယကတာဝန် ထမ်းဆောင်ရမည်ဖြစ်သည်။

Most Read

Most Recent