တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ယနေ့ (မတ် ၁၈ ရက်) တွင် စတင်ကျင်းပမည်ဖြစ်ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ကို ရွေးကောက်တင်မြှောက်မည်ဖြစ်ကြောင်း သိရသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ အစီအစဉ်များတွင် သဘာပတိ တင်မြှောက်ခြင်း၊ သဘာပတိ နေရာယူခြင်း၊ သဘာပတိ ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊ သဘာပတိ နှုတ်ခွန်းဆက်စကား ပြောကြားခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊ အမျိုးသားလွှတ်တော်အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း၊ အစည်းအဝေးမတက်ရောက်နိုင်သော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များရှိပါက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ထို့နောက်တွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်း၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ရေဂွးကောက်တင်မြှောက်ခြင်း၊အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ သဘာပတိရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် အမျိုးသားလွှတ်တော် သဘာပတိက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအား တာဝန်လွှဲအပ်ခြင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေး ပထမနေ့ ရပ်နားကြောင်းနှင့် ဒုတိယနေ့ အစည်းအဝေး ဆက်လက်ကျင်းပမည့် နေ့ရက်နှင့် အချိန်ကို ကြေညာခြင်းများ ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။















