တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးများ စတင်ကျင်းပပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ​​၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦး​မောင်​​မောင်အုန်းအား ​ရွေးချယ်တင်​မြှောက်

တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးများ စတင်ကျင်းပပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ​​၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦး​မောင်​​မောင်အုန်းအား ​ရွေးချယ်တင်​မြှောက်
Published 16 March 2026

တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို မတ် ၁၆ ရက် နံနက်တွင် စတင်ကျင်းပ​ခဲ့ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ​​၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦး​မောင်​​မောင်အုန်းအား ​ရွေးချယ်တင်​မြှောက်ခဲ့သည်။

 တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစ​ည်းအဝေး ပထမ​နေ့တွင် လွှတ်​တော်ဥက္ကဌနှင့် ဒုတိယဥက္ကဌ မ​ရွေးချယ်မီ အစည်းအ​ဝေးအား ကြီးကြပ်ရန် အစည်းအ​​ဝေးသဘာပတိအဖြစ် လဲချားမဲဆန္ဒနယ်မှ စိုင်းစိန်ဝင်းနှင့်ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာနန္ဒာကျော်စွာ တို့ကို အဆိုပြုတင်သွင်းကြသဖြင့် အဆိုပြုခံရသူနှစ်ဦးဖြစ်​နေ​သော​ကြောင့်  စက်ခလုပ်သုံး၍ မဲ​ပေး​ရွေးချယ်ခြင်းပြုလုပ်ခဲ့သည်။

 ထို့​နောက် သဘာပတိအဖြစ် ဆောင်ရွက်ရန်အတွက် ဆန္ဒမဲပေးကြရာတွင် ဒေါက်တာနန္ဒာကျော်စွာက ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၇၃ ဦးအနက် ထောက်ခံဆန္ဒမဲ ၃၄၈ မဲ၊ ကန့်ကွက်ဆန္ဒမဲ ၉ မဲ၊ ကြားနေဆန္ဒမဲ ၁၀ မဲ ရရှိခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းစိန်ဝင်းက ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၇၃ ဦးအနက် ထောက်ခံဆန္ဒမဲ ၂၈ မဲ၊ ကန့်ကွက်ဆန္ဒမဲ ၂၈၃ မဲ၊ ကြားနေဆန္ဒမဲ ၂၂ မဲ ရရှိခဲ့သဖြင့် ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာနန္ဒာကျော်စွာအား အစည်းအ​ဝေး သဘာပတိအဖြစ်​ရွေးချယ်တက်​မြှောက်ခဲ့သည်။

ထို့​နောက် လွှတ်​တော်အစည်းအ​ဝေးသဘာပတိက ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊ သဘာပတိက နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊  ပြည်သူ့လွှတ်တော် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း၊  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာ ပေါ်တွင် လက်မှတ်ရေးထိုးခြင်းတို့ ​ဆောင်ရွက်ခဲ့သည်။

ယင်း​နောက် ပြည်သူ့လွှတ်​တော်ဥက္ကဌအဖြစ် ဇေယျာသီရိမဲဆန္ဒနယ် ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်ဦးခင်ရီအား ရပ်​စောက်မဲဆန္ဒနယ်ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ် ​ဒေါက်တာပွင့်ဆန်းက အဆိုပြုပြီး ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ် ဦးသိန်းထွန်းက ​ထောက်ခံ၍ အဆိုပြုလွှာတင်သွင်းခဲ့သည်။

ပြည်သူ့လွှတ်​တော်ဥက္ကဌအဖြစ် ယှဉ်ပြိုင်ဘက်မရှိဘဲ အဆိုပြုလွှာတစ်​စောင်သာရှိသဖြင့် လွှတ်​တော်အစည်းအ​​ဝေး သဘာပတိက ပြည်သူ့လွှတ်​တော်ဥက္ကဌအဖြစ် ဇေယျာသီရိမဲဆန္ဒနယ် ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်ဦးခင်ရီအား ​ရွေးချယ်တင်​မြှောက်​ကြောင်း ​ကြေညာခဲ့သည်။

ပြည်သူ့လွှတ်​တော်ဥက္ကဌအဖြစ် ​ရွေးချယ်တင်​​​မြှောက်ခံရသည့် ဇေယျာသီရိမဲဆန္ဒနယ် ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်ဦးခင်ရီသည် ပြည်​ထောင်စုကြံ့ခိုင်​ရေးနှင့် ဖွံ့ဖြိုး​ရေးပါတီဥက္ကဌ ဖြစ်သည်။

 ဆက်လက်၍ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌကို ရွေးချယ်တင်မြှောက်ရာတွင် တပ်ကုန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ် ဦးမောင်​မောင်အုန်းအား စစ်ကိုင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်ဦးသက်ပုံက အဆိုပြုပြီး ပုဗ္ပသီရိမဲဆန္ဒနယ် ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ် ဦးလှ​ဆွေက ထောက်ခံ၍ အဆိုပြုလွှာတင်သွင်းခဲ့သည်။

ပြည်သူ့လွှတ်​တော်​ဒုတိယဥက္ကဌအဖြစ် ယှဉ်ပြိုင်ဘက်မရှိဘဲ အဆိုပြုလွှာတစ်​စောင်သာရှိသဖြင့် လွှတ်​တော်အစည်းအ​​ဝေး သဘာပတိက ပြည်သူ့လွှတ်​တော်ဒုတိယဥက္ကဌအဖြစ် တပ်ကုန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ် ဦးမောင်​မောင်အုန်းအားအား ​ရွေးချယ်တင်​မြှောက်​ကြောင်း ​ကြေညာခဲ့သည်။

ဦး​မောင်​မောင်အုန်းသည် ပြန်ကြား​ရေးပြည်​​ထောင်စုဝန်ကြီး ထမ်း​ဆောင်​နေသူဖြစ်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ သဘာပတိရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်းများ ဆက်လက်ဆောင်ရွက်ပြီး​နောက်  ပြည်သူ့လွှတ်တော်အစည်းအ​ဝေး သဘာပတိက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအား တာဝန်လွှဲအပ်ခြင်းကို ဆောင်ရွက်ခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားခြင်းနှင့်  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေး ပထမနေ့ကို ရပ်နားခဲ့သည်။

ထို့ပြင် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးများကို မတ် ၁၈ ရက်တွင် ကျင်းပမည်ဖြစ်ပြီး အမျိုးသားလွှတ်တော်ဥက္ကဌနှင့် ဒုတိယဥက္ကဌတို့ကို ​ရွေးချယ်တင်​မြှောက်မည်ဖြစ်သည်။

Most Read

Most Recent