နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းတို့ မတ် ၁၃ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် နယ်စပ်ဒေသရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းများ တိုက်ဖျက်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းအား မတ် ၁၃ ရက် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံစဉ် ထိုသို့ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံမှုတွင် မြန်မာ-တရုတ် နှစ်နိုင်ငံကြား ရှိရင်းစွဲ ကောင်းမွန်သည့်ဆက်ဆံရေးနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများအား အရှိန်အဟုန်မြှင့်တင်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းမှုအတွက် ပူးပေါင်းဆောင်ရွက်သွားရေးတို့ကို အလေးထားဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်သည့် ဖြစ်ပေါ်တိုးတက်မှုများ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုများတွင် တရုတ်နိုင်ငံမှ အပြုသဘော ပံ့ပိုးသွားမည့်ကိစ္စရပ်များ၊ နယ်စပ်ဒေသရှိ အွန်လိုင်းလောင်းကစားနှင့် တရားမဝင်လုပ်ငန်းများ ပူးပေါင်းတိုက်ဖျက်ရေး ကိစ္စရပ်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံ အပြန်အလှန် ထောက်ခံရပ်တည်သွားရေးနှင့် နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။
Photos: MOFA















