မဲ​ဆောက်တွင် စက်သုံးဆီ တရားမဝင် သို​လှောင်ပြီး ပြည်ပသို့ ခိုးထုတ်ရန် ပြင်ဆင်​နေစဉ် ဖမ်းဆီးရမိ

မဲ​ဆောက်တွင် စက်သုံးဆီ တရားမဝင် သို​လှောင်ပြီး ပြည်ပသို့ ခိုးထုတ်ရန် ပြင်ဆင်​နေစဉ် ဖမ်းဆီးရမိ
Published 11 March 2026

ထိုင်းနိုင်ငံ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲ​ဆောက်မြို့နယ်၊ မဟာဝန်​ကျေးရွာအုပ်စု အမှတ်(၅) ရပ်ကွက်တွင် မတ် ၁၀ ရက်​ ည​နေ ၄ နာရီခန့်က တရားမဝင်စက်သုံးဆီ သို​လှောင်ပြီး ပြည်ပနိုင်ငံသို့ ခိုးထုတ်ရန် ပြင်ဆင်နေစဉ် သက်ဆိုင်ရာက ဝင်​ရောက်ဖမ်းဆီးခဲ့​ကြောင်း သိရသည်။

တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူး Mr. Kanpong Pipatmontreekul ဦးဆောင်သော စစ်တပ်၊ ရဲတပ်ဖွဲ့ (Siam Police)၊ အမှတ် ၃၄၆ နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ မဟာဝန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ပါဝင်​သောအဖွဲ့စုံပူးပေါင်းအဖွဲ့က သတင်းပေးတိုင်ကြားချက်အရ ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ပြီ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မဲ​ဆောက်မြို့နယ် အုပ်ချုပ်​ရေးမှူး ဦး​ဆောင်​သော စစ်ဆေးရေးအဖွဲ့သည် အဆိုပါနေရာ၌ တရားမဝင် စက်သုံးဆီ သိုလှောင်ထားခြင်းနှင့် ပြည်ပသို့ ခိုးထုတ်ရန် ပြင်ဆင်နေသည်ကို တွေ့ရှိခဲ့ရပြီး စစ်​ဆေးချက်အရ ဒီဇယ်ဆီ ၂၀၀ လီတာဆံ့ ပီပါ ၄၆ လုံး: စုစုပေါင်း ၉၂၀၀ လီတာ၊ ၁၀၀၀ လီတာဆံ့ ဆီကန် တစ်လုံး (အလွတ်)၊ ၁၀၀၀ လီတာဆံ့ ဆီကန် တစ်လုံး (ဆီ ၆၀၀ လီတာ ပါရှိသည်)၊ စုစုပေါင်း သိမ်းဆည်းရမိသော ဒီဇယ်ဆီ ၁၀၈၀၀ လီတာ၊ ဆီတင်ယာဉ် တစ်စီး ဆီလီတာ ၁၆၀၀၀ ခန့် တင်ဆောင်ရန် ပြင်ဆင်နေစဉ်အတွင်း ဖမ်းဆီးရမိသိမ်းဆည်းနိုင်ခဲ့​ကြောင်း သိရသည်။

မဲဆောက်မြို့နယ် အာဏာပိုင်များသည် စက်သုံးဆီများ တရားမဝင် သိုလှောင်ခြင်းနှင့် အိမ်နီးချင်းနိုင်ငံသို့ ခိုးထုတ်ရောင်းချခြင်းတို့ကို တားဆီးကာကွယ်ရန်အတွက် ယခုကဲ့သို့ တင်းတင်းကျပ်ကျပ် စစ်ဆေးဆောင်ရွက်နေခြင်းဖြစ်သည်။ လက်ရှိတွင် သိမ်းဆည်းရမိသော သက်သေခံပစ္စည်းများအားလုံးကို ဥပဒေအရ အ​ရေးယူနိုင်ရန်အတွက် သက်ဆိုင်ရာရဲစခန်းသို့ လွှဲ​ပြောင်းပြီး ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဘက်မှ လာ​သောသတင်းများအရ သိရသည်။

Ref- Thai News

Most Read

Most Recent