၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲများ စတင်ဖြေဆို

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲများ စတင်ဖြေဆို
Published 11 March 2026

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲများ ယနေ့ (မတ် ၁၁ ရက်)မှစ၍ ဖြေဆိုနေပြီဖြစ်ကြောင်း သိရသည။

တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ (မတ် ၁၁ ရက်)တွင် မြန်မာစာ၊ မတ် ၁၂ ရက်တွင် အဂ်လိပ်စာ၊ မတ် ၁၃ ရက်တွင် သခ်ျာ၊ မတ် ၁၄ ရက်တွင် ဓာတုဗေဒ/ပထဝီဝင်၊ မတ် ၁၆ ရက်တွင် ရူပဗေဒ/သမိုင်း၊ မတ် ၁၇ ရက်တွင် ဇီဝဗေဒ/ဘောဂဗေဒ စသဖြင့် အသီးသီး‌ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲများ ကျင်းပနေစဉ်ကာလအတွင်း ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ စာမေးပွဲတာဝန်ရှိသူများ၊ ကျောင်းသားမိဘပြည်သူများ သွားလာမှု အဆင်ပြေချောမွေ့စေရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်မော်တော်ယာဉ် အသုံးပြုခွင့်ဆိုင်ရာ အစီအမံများဖြစ်သည့် “စာမေးပွဲတာဝန် သို့မဟုတ် “Car Pass” ကတ်ပြားများကို ကားရှေ့မှန်တွင် ကပ်၍ အသုံးပြုခွင့်ပြုခြင်း၊ စာမေးပွဲတာဝန်ခံယာဉ်များနှင့် ကျောင်းသား ကြို/ပို့ ယာဉ်များကို စုံ/မ အက္ခရာ ခွဲခြားခြင်းမရှိဘဲ သွားလာခွင့်ပြုခြင်း၊ ပြင်ပဖြေကျောင်းသားများအနေဖြင့် မိမိတို့၏ “စာမေးပွဲဖြေဆိုခွင့် ကတ်ပြား ပြသ၍ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ မောင်းနှင်ခြင်းတို့ကို သက်ဆိုင်ရာ ခရိုင်/မြို့နယ်ပညာရေးမှူးများနှင့် အထွေထွေ အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ထားရှိကြောင်း သိရသည်။

ယင်းအပြင် ဖြေဆိုနေသည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ဆေးရုံတက်၍ ဆေးဝါးကုသမှုခံယူနေကြသော ကျောင်းသား/ကျောင်းသူများအတွက်လည်း ဆေးရုံဖြေစာစစ်ဌာနများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)၊ အထူးကုဆေးရုံကြီး(ဝေဘာဂီ)၊ မန္တလေးပြည်သူ့ဆေးရုံ ကြီးနှင့် နေပြည်တော်ပြည်သူ့ ဆေးရုံကြီး၊ ခုတင်(၁၀၀၀)တို့၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျန်တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်များရှိ ဆေးရုံကြီးများတွင် ဆေးရုံ တက်ရောက်ကုသမှုခံယူသော စာမေးပွဲဝင်ရောက်ဖြေဆိုလိုသည့် ကျောင်းသား/ကျောင်းသူ (လူနာ)များအတွက် သက်ဆိုင်ရာပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးတို့က ညှိနှိုင်းလာပါက အဆိုပါဆေးရုံကြီးများတွင် ဆေးရုံဖြေစာစစ်ဌာန ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent