■ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ရှိ ဟိုတယ်တစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီးတစ်ဦးနှင့် ဆက်သွယ်မေးမြန်းခြင်း

■ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ရှိ ဟိုတယ်တစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီးတစ်ဦးနှင့် ဆက်သွယ်မေးမြန်းခြင်း
Published 10 March 2026

“ဆိုရှယ်မီဒီယာတွေမှာ တွေ့ရသလောက်ဒီမှာက မဆိုးဘူး။ အကုန်လုံးက စျေးဝယ်စင်တာတွေရောဘာတွေရော ပုံမှန်အတိုင်းပဲ လည်ပတ်နေတယ်”

အီရန်နိုင်ငံကို အမေရိကန်နှင့် အစ္စရေးက တိုက်ခိုက်မှုမှာ ရက်သတ္တပတ်နီးပါးကြာမြင့်လာပြီဖြစ်သည်။ ယင်းသို့နှစ်နိုင်ငံက တိုက်ခိုက်ရာတွင် အီရန်နိုင်ငံက လက်တုံ့ပြန်တိုက်ခိုက်မှုတွင် အရှေ့အလယ်ပိုင်းရှိ ယူအေအီး၊ ကာတာ၊ ဘာရိန်း အစရှိသည့်နိုင်ငံများကိုလည်း မစ်ဇိုင်းများ၊ ဒရုန်းများဖြင့် တိုက်ခိုက်လျက်ရှိသည်။ ယင်းနိုင်ငံများအနက် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ မြန်မာလုပ်သားအများစု သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသည့်နိုင်ငံတစ်ခုလည်းဖြစ်သည်။ အီရန်နိုင်ငံ၏ တိုက်ခိုက်မှုများကြောင့် ယူအေအီးနိုင်ငံတွင်လည်း ထိခိုက်ပျက်စီးမှုများရှိခဲ့ရာ ယင်းအခြေအနေများနှင့် ပတ်သက်ပြီး ဒူဘိုင်းမြို့ ဟိုတယ်တစ်ခုတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာအမျိုးသမီးတစ်ဦးနှင့် The Daily Eleven သတင်းစာက ဆက်သွယ်မေးမြန်းခဲ့ရာ မေးမြန်းချက်အချို့ကိုကောက်နုတ်တင်ပြအပ်ပါသည်။

မေး - လက်ရှိ အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံနဲ့ ဘာလုပ်ငန်းလုပ်ကိုင်နေသလဲဆိုတာလေး ဖြေကြားပေးပါခင်ဗျ။

ဖြေ - ညီမနာမည်ကတော့ စုစုပါ။ လက်ရှိမှာတော့ ယူအေအီး ဒူဘိုင်းမြို့မှာရှိတဲ့ ဟိုတယ်တစ်ခုမှာ Front Desk Agent- Receptionist အနေနဲ့ အလုပ်လုပ်နေပါတယ်။

မေး - အီရန်ကို အမေရိကန်နဲ့ အစ္စရေးက စတင်တိုက်ခိုက်မှုတွေပြုလုပ်ပြီးတဲ့နောက်ပိုင်းမှာ အီရန်ဘက်ကလည်း ယူအေအီးအပါအဝင်အရှေ့အလယ်ပိုင်းနိုင်ငံတွေကို မစ်ဇိုင်းတွေ၊ ဒရုန်းတွေနဲ့တန်ပြန်တိုက်ခိုက်ခဲ့တယ်။ ယူအေအီးမှာရော ဘာတွေထိခိုက်မှုတွေရှိလဲ။

ဖြေ - ဒီစဖြစ်တဲ့နေ့က အီရန်- အစ္စရေး စဖြစ်တဲ့နေ့တုန်းကဆိုလို့ရှိရင် ယူအေအီး ဒူဘိုင်း ညီမတို့နေတဲ့မြို့မှာရှိတဲ့ Palm Jumeirah လို့ခေါ်တဲ့ လူလုပ်ကျွန်းမှာပေါ့နော်။ အဲ့ဒီမှာရှိတဲ့ ဟိုတယ်တစ်ခုကို ဒရုန်းတိုက်ခိုက်မှုအနေနဲ့ ထိခိုက်မှုရှိခဲ့တယ်။ ပျက်စီးဆုံးရှုံးမှု နည်းနည်းရှိခဲ့တယ်။ ပြီးတော့ လေးယောက် Injury ရတယ်လို့လည်းကြားတယ်။ ပြီးတော့ အဲ့ဒီညမှာပဲ 7 Star ဟိုတယ်တစ်ခုကိုလည်း Drone Attack ဖြစ်လို့ ထိခိုက်မှုအနည်းငယ်ရှိခဲ့တယ်လို့လည်း ကြားတယ်။ လူအထိအခိုက်တော့မကြားဘူး။ ဒါက ဆိုရှယ်မီဒီယာမှာ တွေ့ရတာတွေပေါ့။ ကိုယ်တိုင်မြင်ရတာတော့ မဟုတ်ဘူး။ ပြီးလို့ရှိရင် လွန်ခဲ့တဲ့နှစ်ရက် လောက်ကလည်း ညီမတို့နဲ့နီးတဲ့ US Embassy ရှိတဲ့နေရာကိုလည်း Drone Attack ဖြစ်တယ်။ Drone Attack ဖြစ်တော့ အဲ့ဒီနေရာကိုလည်း မီးလောင်မှုတွေဖြစ်တယ်။

မေး - အခုလိုအခြေအနေဖြစ်လာတဲ့အပေါ်မှာ အဲ့ဒီမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဘယ်လိုတွေနေထိုင်နေရလဲ။ ညီမတို့ လုပ်ငန်းခွင်ကရော ပြန်လုပ်နေရလား။ ဘယ်နှစ်ရက်လောက်နားလိုက်ရလဲ။

ဖြေ - အခုလိုဖြစ်လာတဲ့အပေါ်မှာ စိုးရိမ်မှုတွေတော့ရှိတယ်။ လက်ရှိအခြေအနေအရတော့ အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့အတွက်ကြောင့် ပုံမှန်အတိုင်းပဲ ပြန်လည်ပတ်နေတယ်။ ပြီးတော့ လုံခြုံမှုလည်းရှိတယ်။ လောလောဆယ် ဒီနေရာက Save လည်းဖြစ်တယ်ပေါ့နော်။ အလုပ်တွေလည်း လက်ရှိတော့ မနားရသေးဘူး။ စဖြစ်တဲ့နေ့ကနေ ဒီနေ့အထိပေါ့နော်။ လုပ်ငန်းပိုင်းတွေက နားရတာမျိုးမရှိသေးဘူး။ ဒါပေမဲ့ ရုံးပိုင်းတွေ ဥပမာ- Office ပိုင်းတွေကတော့ Work Frome Home လုပ်ရတာတွေရှိတယ်။ ဟိုတယ်လုပ်ငန်းတွေ၊ Resturant တွေကတော့ ပုံမှန်အတိုင်းပဲ ပြန်လည်ပတ်နေတယ်။

မေး - ယူအေအီးဆိုတာက ခရီးသွားလုပ်ငန်းကလည်း ဖွံ့ဖြိုးလာတဲ့နိုင်ငံထဲမှာ ပါဝင်နေတော့ ညီမလုပ်ကိုင်နေတဲ့ ဟိုတယ်လုပ်ငန်းခွင်မှာရော ဘာတွေထိခိုက်မှုရှိလဲ။

ဖြေ - ညီမတို့ဟိုတယ်မှာလာပြီးတော့တည်းတဲ့ ရုရှားတွေရှိမယ်။ ရိုမေးနီးယားတွေရှိမယ်။ တခြား Country တွေကနေ အများကြီးလာကြတာတွေရှိမယ်။ ဒါပေမဲ့ အဲဒီဖြစ်စနေ့ကတည်းက ဒီ Air Space တွေက ကိုယ့်နိုင်ငံကို ပြန်လို့မရဘူးဆိုတော့ သူတို့တွေက အရမ်းစိုးရိမ်တယ်။ ပြီးတော့ သူတို့မှာ Extand တိုးတိုးပြီးနေရတာဆိုတော့ သူတို့ကလည်း အိမ်ပြန်ချင်တော့ Flight Board လေးရယ်၊ ဗီဇာလေးရယ်ကိုင်ပြီးတော့ လာလာမေးကြတာမျိုးရှိတယ်။ ပြီးတော့ ညီမကြားရသလောက်ဆိုရင် အဘူဒါဘီမှာဆိုရင် အစိုးရကနေပြီးတော့ ဟိုတယ် Charges တွေပြန်ပေးတာမျိုးကြားရတယ်။ သူတို့အနေနဲ့ကျတော့လည်း အရမ်းစိုးရိမ်ကြတယ်။ ဒီမှာပိတ်မိနေသလို ခံစားနေရတယ်။ ပြီးတော့ ပြန်လို့မရဘူး။ ဘယ်အချိန် Flight ရှိမလဲ ဘယ်အချိန်ပြန်ရမလဲ အဲ့ဒီသတင်းမျိုးကိုပဲ အမြဲစောင့်နေတယ်။

မေး - ဖြစ်လာတဲ့အခြေအနေတွေမှာရော ယူအေအီးအစိုးရက ဘာတွေလုပ်ပေးနေလဲ။ သူ့နိုင်ငံသားတွေအပြင် ညီမတို့လို ပြည်ပလုပ်သားတွေအတွက်ကိုရောပေါ့။

ဖြေ - စစ်တွေစဖြစ်ပြီး တတိယနေ့လို့ပြောရမှာပေါ့။ အဲ့ဒီနေ့မှာ ယူအေအီးဘုရင်နဲ့ သူ့သားရယ် ပြင်ပလူမြင်ကွင်းကို ထွက်ပြတယ်။ ရှော့ပင်းမောလ်မှာ ကော်ဖီသောက်နေတာတွေ ထွက်လာတယ်။ သူတို့က တသားတည်းရှိတယ်။ စိတ်ပူစရာမရှိဘူးဆိုတာကို ပြချင်လို့ ထွက်လာတာလို့ ညီမတို့ကမြင်တယ်။ သူ့နိုင်ငံသားတွေအပြင် ညီမတို့လို ပြည်ပအလုပ်သမားတွေအတွက်ရောဆိုလို့ရှိရင် အကုန်လုံးကိုတော့ တန်းတူညီတူ လုပ်ပေးတယ်။ စဖြစ်တဲ့ရက်ကတည်းက ညီမတို့ ဖုန်းဆင်းကတ်ရှိတဲ့သူတိုင်း Security Alert တွေရတယ်။ ဘယ်လိုမျိုးတွေဖြစ်နေတယ်။ ဘယ်လိုနေရာတွေမှာ Save ဖြစ်အောင် နေကြပါ။ ဘယ်နေရာတွေတော့ မသွားနဲ့၊ ဘာတွေမလုပ်နဲ့ဆိုတာအကုန်လုံးကို  သူတို့ထုတ်ပြန်တယ်။ ညီမတို့အနေနဲ့ Save ဖြစ်တဲ့နေရာမှာ နေရတာပေါ့။ ပြီးတော့အပြင်မှာ ရှိတဲ့သူဆိုရင် တခုခုမှာ နေလိုက်ရတာတို့ လုပ်ရတာပေါ့။ ဘာလို့လဲဆိုတော့ အဲ့ဒီအချိန်ကသူတို့ကာကွယ်နေတဲ့အချိန်၊တိုက်ထုတ်နေတဲ့အချိန်ဖြစ်တယ်။ အဲ့ဒီအခြေအနေပြီးသွားပြီဆိုလို့ရှိရင် သူတို့က Alert ထပ်ပို့တယ်။ အဲ့ဒါကကျတော့ ဒီ Operation ကပြီးသွားပြီ ပူးပေါင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆိုတာ ထုတ်ပြန်ပေးတယ်။ စဖြစ်တဲ့အချိန်ကတည်းက Sub Way တွေဖြစ်တဲ့ Metro လိုင်းတွေရော Public Transporation တွေရော ပုံမှန်အတိုင်းပဲလည်ပတ်နေတယ်။ ပြီးတော့ ကုန်စျေးနှုန်းဆိုရင်လည်း ပုံမှန်အတိုင်းပဲရှိနေတယ်။ ဒီအခြေအနေဖြစ်လို့ဆိုပြီး စျေးတက်သွားတာမရှိဘူး။ ပုံမှန်အတိုင်းပဲ ကြိုက်တဲ့နေရာ ကြိုက်တဲ့အချိန်ဝယ်လို့ရတာဖြစ်တဲ့အတွက် Punish Buying ဖြစ်တာမရှိဘူး။ ဒီမှာက။

မေး - လက်ရှိနေထိုင်ရတဲ့အခြေအနေမှာရော ဘယ်လိုအဆင်မပြေတာတွေရှိလဲ။ ဘာတွေဖြစ်စေချင်လဲ။

ဖြေ - Hospitality လုပ်ငန်းအနေနဲ့က Toursim ကိုမှီခိုပြီးနေတာဆိုတော့ နောက်ပိုင်း Business တွေ ထိခိုက်လာမှာရှိတယ်လို့တော့ သူတို့သိတယ်။ ပြီးတော့ အခုက ဒီမှာ ပိတ်မိနေကြတယ်။ Guest တွေက။ သူတို့ဆိုဘယ်လမ်းကနေသွားလို့ရမလဲဆိုပြီး လမ်းကြောင်းတွေရှာကြတယ်။ ဒီနေ့ညနေဆိုရင်ပဲ ကာတာအဲဝေးကနေပြီး ထွက်မယ်ဆို သူတို့အိုမန်အထိသွားတယ်။ အိုမန်ကနေ တစ်ဆင့်မှ ပြန်ကြတယ်။ အဲဒီလိုမျိုးတွေရှိတာဆိုတော့ အခြေအနေက ပြောင်းလဲနေတော့ အတိအကျတော့ပြောလို့မရဘူး။ တချို့ Air Lines တွေကျတော့ ဖွင့်တယ်။ တချို့ကျတော့ ဖွင့်တာမရှိသေးဘူး။ လောလောဆယ်က Emirate တို့ဘာတို့ဆို ပိတ်ထားသေးတယ်။ တချို့ကျတော့လည်း အိုမန်ကနေသွားစီး ရတာတွေရှိသေးတယ်။ လာတည်းတဲ့ Tourist တွေကျတော့လည်း သူတို့့အခြေအနေပေါ်မူတည်ပြီးတော့ ကိုယ့်နိုင်ငံပြန်ရဖို့အရေးကြီး အရမ်း Heavy ဖြစ်ကြတာကို တွေ့ရတယ်။

မေး - လက်ရှိနေထိုင်ရတဲ့အခြေအနေမှာရော ဘယ်လိုအဆင်မပြေတာတွေရှိလဲ။ ဘာတွေဖြစ်စေချင်လဲ။

ဖြေ - လက်ရှိအနေအထားက ဘာဖြစ်လာမလဲဆိုတာကို ကြိုတွေးလို့မရဘူး။ ပြီးတော့ စစ်ဖြစ်နေကြတဲ့အချိန်ဆိုတော့ စိုးရိမ်မှုကရှိတယ်။ ပြီးတော့အလုပ် တွေအနေနဲ့ဆိုရင် ဘယ်လိုမျိုးဖြစ်လာနိုင်မလဲဆိုတာ ညီမတို့အနေနဲ့ ကြိုတွေးလို့လည်းမရဘူး။ ကြိုတွက်လို့လည်းမရဘူး။ ဒီအခြေအနေကြီးက ဘယ်လောက်ကြာမလဲဆိုတာကိုလည်း တွေးလို့မရဘူး။ ဒီမှာကတော့ လေးပတ်ကြာမယ်လို့ စာထုတ်ထားပေမယ့် ဘာမှခန့်မှန်းလို့မရဘူး။ ကျန်တာကတော့အကုန်လုံး သူ့ဟာနဲ့သူ ပုံမှန်လည်ပတ်နေတယ်။ ဒီနေ့ဆိုရင်လည်း ယူအေအီးအစိုးရက သူတို့ Drone ဘယ်နှစ်ခုကို သူတို့ပြန်တိုက်ခိုက်နိုင်တယ်၊ ဘယ်နှစ်ခုက ပင်လယ်ထဲကိုကျတယ်။ ဘယ်နှစ်ခုကတော့ နယ်မြေထဲကို ကျတယ်ဆိုတာကို အတိအကျထုတ်ပြန်ပေးတယ်။ တစ်ရက်ထက်တစ်ရက်တော့ ဒီ Drone တိုက်ခိုက်မှုကတော့ ပိုမြင့်လာတယ်။ မနေ့ကဆိုရင် ငါးရာကျော်ရှိတယ်၊ ဒီနေ့ဆိုရင် တစ်ထောင်ကျော်ဝန်းကျင် သူတို့ကာကွယ်ရတယ်ဆိုတာမျိုးပြတယ်။ ပြီးတော့ ဆောင်ရန်ရှောင်ရန်တွေလည်း ထုတ်ပြန်တယ်။ ပြီးတော့ ဒီမှာက ဒရုန်းကျတာ မပြောနဲ့ မီးလောင်တာကိုတောင် ဆိုရှယ်မီဒီယာပေါ်တင်ရင်တောင် အရေးယူ တာတွေရှိတာဆိုတော့ ဒီလိုအချိန်မှာ သတင်းအမှားတွေမပျံ့ဖို့ရယ်၊ ပြီးတော့ ကိုယ်မြင်လိုက်တဲ့ဟာကို အကြီးကြီးချဲ့ပြီး မရေးကြဖို့ တားမြစ်ထားတာတွေရှိတယ်။ 

မေး - အဲ့ဒီမှာ မြန်မာလုပ်သားတွေက ဘယ်လိုလုပ်ငန်းခွင်တွေမှာ အများဆုံးလုပ်ကြလဲ။

ဖြေ - ဒီမှာက မြန်မာနိုင်ငံသားတွေက နေရာတိုင်း အလုပ်တိုင်းမှာရှိကြတယ်။  Office ပိုင်းတွေမှာရော၊ ဟိုတယ်၊ စားသောက်ဆိုင်တွေမှာလည်း လုပ်ကြတယ်။ အိမ်အကူတွေလည်းရှိတယ်။

မေး - ဖြည့်စွက်ပြောချင်တာများရှိသေးလားခင်ဗျ။

ဖြေ - ဆိုရှယ်မီဒီယာတွေမှာ တွေ့ရသလောက်ဒီမှာက မဆိုးဘူး။ အကုန်လုံးက စျေးဝယ်စင်တာတွေရောဘာတွေရော ပုံမှန်အတိုင်းပဲ လည်ပတ်နေတယ်။ Transporation တွေဆိုင်တွေ အကုန်လုံးကဖွင့်တာဆိုတော့ အရမ်းစိုးရိမ်စရာမရှိဘူး။ ပြီးတော့ ညီမတိို့ကိုယ်တိုင် ယူအေအီးမှာနေတယ်ဆိုပေမယ့် တချို့သတင်းတွေကျတော့ ဆိုရှယ်မီဒီယာမှာတက်လာမှ မြင်ရတာ။ ညီမတို့ကိုယ်တိုင်က ဘာမှကိုမမြင်ရဘူး။ မြင်ရတယ်ဆိုရင်လည်း ပုံမှန်ဂြိုဟ်တုတွေ၊ မစ်ဇိုင်းတွေ ပစ်နေတယ်ဆိုတာက ပုံမှန်ဂြိုဟ်တုတွေ သွားနေရသလောက်ပဲမြင်ရတာဆိုတော့လေ။ ကိုယ်တိုင်လည်း မကြုံရသေးဘူး။ ဒါပေမဲ့ ဒီမှာနေတဲ့သူတစ်ယောက်အနေနဲ့တော့ ဘာဖြစ်လာမလဲဆိုတာကို စိုးရိမ်စိတ်ကတော့ ရှိတယ်။

Most Read

Most Recent