ဘားအံ - မော်လမြိုင်ကားလမ်းပေါ်ရှိ မြန်မာ - ဂျပန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဖြင့် တည်ဆောက်ခဲ့သော ဂျိုင်း (ဇာသပြင်) ကြိုးတံတားအသစ် နှင့် အတ္ထရံတံတား (မော်လမြိုင်) ကြိုးတံတားအသစ်တို့အား ယနေ့ မတ်လ (၈) ရက် နံနက်ပိုင်းအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် (၈) နာရီ (၁၅) မိနစ်အချိန်တွင် ဘားအံ - မော်လမြိုင် ကားလမ်းပေါ်ရှိ ဂျိုင်းမြစ်ကူးတံတားဖြစ် သည့် ဂျိုင်း ( ဇာသပြင်) ကြိုးတံတားအသစ်ဖွင့်ပွဲ အခမ်းအနားအား ကရင်ပြည်နယ် ဘားအံမြို့နယ် ဇာသပြင်ကျေးရွာဘက်ခြမ်းတွင် ပြုလုပ်ခဲ့သည်။
ထို ကြိုးတံတားအသစ်ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မွန်ပြည်နယ် နှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ်များ နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် နံနက် (၉) နာရီအချိန်တွင် မော်လမြိုင်မြို့ရှိ အတ္ထရံမြစ်ကူးတံတားတစ်စင်းဖြစ်သော အတ္ထရံတံတား (မော်လမြိုင်) ကြိုးတံတားအသစ်အား ဆက်လက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါကြိုးတံတားအသစ် နှစ်စင်းလုံးအား (၂၀၂၀) ခုနှစ် ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် စတင်တည်ဆောက် ခဲ့ခြင်းဖြစ်ကြောင်း နှင့် ယနေ့ (၂၀၂၆) ခုနှစ် မတ် (၈) ရက်နေ့တွင် ဖွင်လှစ်နိုင်ခဲ့ကြောင်းနှင့် ဂျပန်နိုင်ငံမှ အင်ဂျင်နီယာများနှင့် မြန်မာအင်ဂျင်နီယာများ ပူးပေါင်းတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဂျိုင်း (ဇာသပြင်) ကြိုးတံတားအသစ် နှင့် အတ္ထရံတံတား (မော်လမြိုင်) ကြိုးတံတား အသစ်များအား တံတားအဟောင်းများနည်းတူ နံနက် (၅) နာရီ အချိန်မှ ည (၈) နာရီ အချိန်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ရုံးထံမှ သိရသည်။















