မှတ်ပုံတင်ခြင်းမရှိဘဲ နံပါတ်ပြားအတုများ အလှဆင်နံပါတ်ပြားများ တပ်ဆင်အသုံးပြုသည့် မော်တော်ယာဉ်များ တွေ့ရှိရသည့်အတွက် သတ်မှတ်ရက်များအတွင်း မှတ်ပုံတင်ရန်နှင့် လိုက်နာမှုမရှိပါက အရေးယူမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအတွင်းသို့ ကုန်သွယ်ရေးဦးစီးဌာန၏ တင်သွင်းခွင့်ပြုချက်နှင့် အကောက်ခွန်ဦးစီးဌာနတို့တွင် အခွန်များပေးဆောင်၍ တင်သွင်းရောက်ရှိပြီးသော မော်တော်ယာဉ်များသည် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ကနဦးမှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်သော်လည်း မှတ်ပုံတင်ဆောင်ရွက်ခြင်းမရှိဘဲ နံပါတ်ပြားအတုများ အလှဆင်နံပါတ်ပြားများ တပ်ဆင်၍ အသုံးပြုနေသည်ကို တွေ့ရှိရကြောင်း ပါရှိသည်။
အဆိုပါ မော်တော်ယာဉ်များသည် တည်ဆဲ ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေနှင့်အညီ ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းများကို မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်သောကြောင့် ကုန်သွယ်ရေးဦးစီးဌာနမှ ၂၀၁၈ ခုနှစ်အတွင်း တင်သွင်းခွင့်လိုင်စင် ထုတ်ပေးထားသော ယာဉ်များသည် ၂၀၂၆ ခုနှစ် ဧပြီ ၃၀ ရက် နောက်ဆုံးထား၍လည်းကောင်း၊ ၂၀၁၉ ခုနှစ်အတွင်း တင်သွင်းခွင့်လိုင်စင် ထုတ်ပေးထားသော ယာဉ်များသည် ၂၀၂၆ ခုနှစ် မေ ၃၁ ရက် နောက်ဆုံးထား၍လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်း တင်သွင်းခွင့်လိုင်စင် ထုတ်ပေးထားသော ယာဉ်များသည် ၂၀၂၆ ခုနှစ် ဇွန် ၃၀ ရက် နောက်ဆုံးထား၍လည်းကောင်း ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းများ ပြီးပြတ်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
သတ်မှတ်ကာလကျော်လွန်ပါက ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးမည်မဟုတ်ကြောင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းများ အချိန်မီဆောင်ရွက်ခြင်းမပြုပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။















