UK Student Visa ပိတ်ပစ်ခြင်း အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခံရပြီးနောက် ယင်းနှင့်ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သော စိုးရိမ်ပူပန်မှုများ၊ မရေရာမှုများအတွက် တောင်းပန်ကြောင်းနှင့် အဆိုပါအစီအစဉ်ကို ပုံမှန်ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း British Council Myanmar ထုတ်ပြန်

UK Student Visa ပိတ်ပစ်ခြင်း အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခံရပြီးနောက် ယင်းနှင့်ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သော စိုးရိမ်ပူပန်မှုများ၊ မရေရာမှုများအတွက် တောင်းပန်ကြောင်းနှင့် အဆိုပါအစီအစဉ်ကို ပုံမှန်ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း British Council Myanmar ထုတ်ပြန်
Published 6 March 2026

UK Student Visa ပိတ်ပစ်ခြင်းအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခံရပြီးနောက် ယင်းနှင့်ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သော စိုးရိမ်ပူပန်မှုများ၊ မရေရာမှုများအတွက် တောင်းပန်ကြောင်းနှင့် အဆိုပါအစီအစဉ်ကို ပုံမှန်ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း British Council Myanmar က မတ် ၆ ရက်၊ ညပိုင်းတွင် ထုတ်ပြန်သည်။

၂၀၂၆ ခုနှစ် မတ်လ ၂၆ ရက်နေ့မှ စတင်အသက်ဝင်မည့် မြန်မာနိုင်ငံသားများအတွက် Student Visa (“sponsored study visas”) နှင့်ပတ်သက်၍ ယူကေအစိုးရမှ “visa brake” အစီအစဉ်ကို မကြာသေးမီက ကြေညာခဲ့သည်ကို ကျွန်ုပ်တို့ သိရှိရပါသည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဦးစွာဖော်ပြထားသည်။

ယူကေတွင် ပညာသင်ယူလိုသော သို့မဟုတ် လျှောက်လွှာတင်ရန် ပြင်ဆင်နေသော ကျောင်းသားများနှင့် အဆိုပါလုပ်ငန်းစဉ်တွင် ပံ့ပိုးကူညီနေသော မိတ်ဖက်အဖွဲ့အစည်းများအတွက် အဆိုပါသတင်းသည် စိုးရိမ်ပူပန်စရာဖြစ်သည်ကို နားလည်ကြောင်း၊ မြန်မာနိုင်ငံရှိ ဗြိတိသျှကောင်စီသည် ယူကေပညာရေးအပေါ် မြန်မာကျောင်းသားများ၏ အားပေးစိတ်ဝင်စားမှုနှင့် နိုင်ငံတစ်ဝန်းရှိ အရည်အချင်းပြည့်မီသော ကျောင်းသားများ၏ ရည်မှန်းချက်များကို အသိအမှတ်ပြုတန်ဖိုးထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် “Visa brake” သည် ယာယီအစီအစဉ်တစ်ခုဖြစ်ပြီး ယူကေလူဝင်မှုကြီးကြပ်ရေးစနစ်၏ စနစ်ကျမှုနှင့် သမာသမတ်ကျမှုကို ထိန်းသိမ်းကာကွယ်ရန် ရည်ရွယ်ကြောင်း၊ အဆိုပါအစီအစဉ်ကို ပုံမှန်ပြန်လည် သုံးသပ်သွားမည် ဖြစ်ကြောင်းလည်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုအခြေအနေကြောင့် ဖြစ်ပေါ်လာနိုင်သော စိုးရိမ်ပူပန်မှုများနှင့် မရေရာမှုများအတွက် တောင်းပန်ကြောင်းနှင့် နောက်ဆုံးသတင်းအချက်အလက်များကို British Embassy Yangon ၏ တရားဝင်ချန်နယ်များမှတစ်ဆင့် မျှဝေပေးထားသည်ဟူ၍လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗြိတိသျှကောင်စီသည် မြန်မာနိုင်ငံရှိ ကျောင်းသားများ၊ ယူကေ ကျောင်းသားဟောင်းများ၊ ဆရာ/ဆရာမများနှင့် မိတ်ဖက်အဖွဲ့အစည်းများကို ပညာရေး၊ အင်္ဂလိပ်ဘာသာစကား၊ အနုပညာနှင့် ယဉ်ကျေးမှုကဏ္ဍများမှတစ်ဆင့် ဆက်လက်ပံ့ပိုးပေးသွားရန် ကတိပြုထားကြောင်းနှင့် နိုင်ငံတစ်ဝန်းရှိ ကျွန်ုပ်တို့၏ မိတ်ဖက်များနှင့် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများကိုလည်း တန်ဖိုးထားကြောင်း British Council Myanmar ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့ရှိ ဗြိတိန်သံရုံးက မတ် ၄ ရက်တွင်" ယူကေအစိုးရသည် ယူကေလူဝင်မှုကြီးကြပ်ရေးစနစ်၏ တည်ငြိမ်မှုကိုထိန်းသိမ်း ကာကွယ်ရန် ရည်ရွယ်ကာ ဗီဇာများ ယာယီရပ်ဆိုင်းခြင်းအစီအစဉ်ကို ချမှတ်လိုက်ကြောင်း၊ ၂၀၂၆ မတ်လ ၂၆ ရက်၊ ၀၀:၀၁ နာရီ (GMT)မှ စ၍ မြန်မာနိုင်ငံသားများတင်သွင်းသည့် ကျောင်းသားဗီဇာ လျှောက်လွှာများကို လက်ခံတော့မည် မဟုတ်ကြောင်း" ထုတ်ပြန်ခဲ့သည်။

UK student visa ပိတ်ပစ်ခြင်းသည် မြန်မာအပေါ် Racial discrimination လူမျိုးရေးခွဲခြားဆက်ဆံမှုအဖြစ် မြန်မာများက ရှုမြင်နေပြီး ပညာရေးနှင့်ဆက်စပ်သော အသိုင်းအဝိုင်းသာမက မြန်မာအများစုကြားတွင် ယင်းမှာမျှတမှုမရှိသောလုပ်ရပ်အဖြစ် ပြင်းပြင်းထန်ထန်ဝေဖန်မှုများ ရှိခဲ့သည်။

ဆူဒန်၊ အာဖဂန်နစ္စတန်၊ ကင်မရွန်းနှင့် မြန်မာနိုင်ငံတို့အား ပိတ်သိမ်းလိုက်ခြင်းဖြစ်ပြီး ဗြိတိန်၏ ရက်ရောမှုကို အခွင့်ကောင်းယူကာ ခိုလှုံခွင့်တောင်းခံခြင်းများ ပြုလုပ်သည်ဟု ဗြိတိန်က ပြောကြားခဲ့ပြီး ပထမဆုံးအကြိမ် အဖြစ် ယင်းသို့ ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်ဟု ပြီးခဲ့သည့် အင်္ဂါနေ့တွင် ဗြိတိန်ပြည်ထဲရေးဝန်ကြီးက ကြေညာခဲ့သည်။

ယင်းသို့ကြေညာအပြီးတွင် မြန်မာနိုင်ငံရှိ ကျောင်းသားများနှင့်ပတ်သက်ပြီး ယင်းသို့ ဗီဇာရပ်ဆိုင်းမှုအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ထွက်ပေါ်လာအပြီးတွင် Visa brake အစီအစဉ်မှာ ယာယီသဘောသာဖြစ်ပြီး ပုံမှန်ပြန်လည်သုံးသပ်မည်ဟု ရန်ကုန်မြို့ British Council Myanmar က ထုတ်ပြန်လာခြင်းလည်း ဖြစ်သည်။

Most Read

Most Recent