မတ် ၇ ရက်မှစတင်၍ ပုဂ္ဂလိကယာဉ်များ စက်သုံးဆီဝယ်ယူရောင်းချပေးမှုကို စုံ/မ အလှည့်ကျစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံမှ သိရသည်။
“မနက်ဖြန် မတ် ၇ ရက်မှာ ပုဂ္ဂလိက မော်တော်ယာဉ်များကိုတော့ စုံ/မ စနစ်နဲ့ အလှည့်ကျ ရောင်းချပေးမှာဖြစ်ပါတယ်” ဟု သာကေတမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းစနစ်အရ စုံရက်များတွင် စုံနံပါတ်အက္ခရာပါသောယာဉ်များ ( ဥပမာ 2A /----4A/---)စသည့် ယာဉ်များ စက်သုံးဆီ ဝယ်ယူခွင့်ပြုမည်ဖြစ်သည်။
မ ရက်များတွင် မံ နံပါတ် အက္ခရာပါသောယာဉ်များ ( ဥပမာ 1A/----3A/---)စသည့်ယာဉ်များ စက်သုံးဆီ ဝယ်ယူခွင့်ပြုမည် ဖြစ်သည်။
“ဒီနေ့ မနက်မှာ ဆီဆိုင်တွေမှာ တန်းစီတာ အရင် နေ့ထက် လျော့နည်းသွားတယ်။ ဒါပေမယ့် ကားတစ်စီးကို ဒီနေ့မှာတော့ ၅သောင်းဖိုးပဲ ရောင်းပေးတော့တယ်” ရန်ကုန်မြို့တွင်း မော်တော်ယာဉ်မောင်းနှင်သူတစ်ဦးက ပြောကြားသည်။
“မြို့နယ်ဆင်ခြေဖုံးရပ်ကွက်တွေမှာ ပြေးဆွဲနေတဲ့ ဘေးတွဲဆိုင်ကယ်တွေအနေနဲ့ ဆီဆိုင်တွေမှာ တန်းစီရာမှာတော့ သတ်မှတ်ထားတဲ့ ပြည်သူ့လုံခြုရေးကုတ်အကျီတွေ ပါရမယ်။ မလိုအပ်ပဲ ခေါက်တုံံ့ခေါက်ပြန် တန်းစီရင်တော့ အရေးယူမှာပါ ” ရပ်ကွက်အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့ပြင် စက်သုံးဆီလုပ်ငန်းရှင်များသာမက အများပြည်သူအနေဖြင့် စက်သုံးဆီများ ဝယ်ယူ စုဆောင်းခြင်းနှင့် ဈေးနှုန်းမြှင့်တင်၍ ရောင်းချခြင်းများ လုံးဝမပြုလုပ်ရန် ဖြစ်ကြောင်းနှင့် သို့ဖြစ်၍ အထက်ပါစည်းကမ်းသတ်မှတ်ချက်များသည် ထပ်မံ၍ တစ်စုံတစ်ရာ ထုတ်ပြန်မှု မရှိသည့်အချိန်အထိ အတည်ဖြစ်ကြောင်းနှင့် အဆိုပါစည်းကမ်းသတ်မှတ်ချက်များအား ဖောက်ဖျက် ကျူးလွန်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။















