မန္တလေးတိုင်းအတွင်း ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် စာရင်းသွင်းထားသူဦးရေ ၄၇၀၀၀ ကျော်ရှိပြီး စာစစ်ဌာန ၁၀၈ ခု ဖွင့်လှစ်ထားကြောင်း သိရသည်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်မှ ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း စာဖြေသူစာရင်းသွင်းဦးရေ ၄၇၀၀၀ ကျော်ရှိပြီး စာစစ်ဌာန ၁၀၈ ခု ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
မတ် ၃ ရက်ကလည်း မန္တလေးတိုင်းဒေသကြီး ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနများ၏ ကြီးကြပ်ရေးမှူးများအား စာမေးပွဲဆိုင်ရာ ဆောင်ရွက်ရန်လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ်ရှိ အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးရုံးတို့မှ တာဝန်ရှိသူများ၊ စာစစ်ဌာနအလိုက် ကြီးကြပ်ရေးမှူးများနှင့် တွဲဖက်ကြီးကြပ်ရေးမှူးများအဖြစ် တာဝန်ယူဆောင်ရွက်ကြမည့် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းတို့မှ ကျောင်းအုပ်ကြီး ၁၅၅ ဦးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနများတွင် တာဝန်ယူဆောင်ရွက်ကြမည့် ကြီးကြပ်ရေးမှူးများနှင့် တွဲဖက်ကြီးကြပ်ရေးမှူးများ၊ တာဝန်ရှိသူများအနေဖြင့် စာမေးပွဲလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ကြရာတွင် မေးခွန်းများ ထုတ်ယူသည့်အချိန်မှစပြီး စာစစ်ဌာနများသို့ အချိန်မီရောက်ရှိစေရေး၊ စာမေးပွဲဖြေဆိုနေစဉ်နှင့် စာမေးပွဲကာလအတွင်း လုံခြုံရေး၊ အဖြေလွှာများ ပြန်လည်အပ်နှံပို့ဆောင်ရေးလုပ်ငန်းများအထိ အောင်မြင်ချောမွေ့စွာ ဆောင်ရွက်နိုင်စေရန် လုံခြုံရေးအထူးသတိရှိစွာဖြင့် စနစ်တကျကြပ်မတ်ကာ အထူးဂရုပြုအလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ဝေသည့် တက္ကသိုလ်ဝင်စာမေးပွဲဆိုင်ရာ လုပ်ငန်းလက်စွဲအတိုင်း အလေးအနက်ထားကာ ကျောင်းသား ကျောင်းသူများ လုံခြုံစိတ်ချပြီး စိတ်ချမ်းမြေ့စွာဖြင့် စာမေးပွဲပြီးဆုံးသည်အထိ ဖြေဆိုနိုင်ရေး၊ အောင်ချက်ရာခိုင်နှုန်း မြင့်မားရေးအားလုံးဝိုင်းဝန်းပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း သိရသည်။















