အီရန်၏ လက်တုံ့ပြန်နိုင်စွမ်းကို လျှော့မတွက်ရန် CIA အကြီးအကဲဟောင်း သတိပေး

အီရန်၏ လက်တုံ့ပြန်နိုင်စွမ်းကို လျှော့မတွက်ရန် CIA အကြီးအကဲဟောင်း သတိပေး
Published 3 March 2026
Ref:Fox News

CIA ညွှန်ကြားရေးမှူးဟောင်း၊ အငြိမ်းစားဗိုလ်ချုပ်ကြီး ဒေးဗစ်ပတ်ထရေးယပ်စ်က အီရန်နိုင်ငံ၏ အဓိပတိခေါင်းဆောင် အယာတိုလာအလီခါမေနီကို သေဆုံးစေခဲ့သည့် အမေရိကန်ဦးဆောင်သည့်စစ်ဆင်ရေးသည် အီရန်အစိုးရ၏ အံ့အားသင့်ဖွယ်မောက်မာမှု၊ ယုံကြည်ချက်လွန်ကဲမှုကို အခွင့်ကောင်းယူနိုင်ခဲ့ခြင်းဟု ပြောကြားလိုက်သည်။

သို့သော် အီရန်၏ လက်တုံ့ပြန်တိုက်ခိုက်နိုင်စွမ်းကို လျှော့မတွက်သင့်ဟုလည်း ၎င်းက သတိပေးခဲ့သည်။

ပတ်ထရေးယပ်စ်က ယခုအီရန်စစ်ဆင်ရေးကို “အစ္စရေးနှင့် အမေရိကန်တို့၏ ထူးကဲသော စစ်ရေးအောင်မြင်မှု” ဟု Sunday Morning Futures အစီအစဉ်တွင် ပြောခဲ့သည်။

“ဒီစစ်ဆင်ရေးဟာ ထောက်လှမ်းရေးသတင်း အတိအကျရရှိမှုနဲ့ အီရန်ဘက်က အံ့အားသင့်စရာကောင်းလောက်အောင် မောက်မာခဲ့မှုတွေအပေါ် အများကြီးမူတည်တယ်ဆိုတာ ရှင်းပါတယ်။ အီရန်ထိပ်တန်းခေါင်းဆောင်တွေဟာ အတူတကွစုဝေးဖို့အထိ ယုံကြည်မှုလွန်ကဲခဲ့ကြလို့ တစ်ချိန်တည်းအကုန်လုံး ပစ်မှတ်ထားခံခဲ့ရတာ” ဟု ၎င်းကမှတ်ချက်ပြုသည်။

ထို့ပြင် အီရန်အနေဖြင့် အိမ်နီးချင်းနိုင်ငံများရှိ အမေရိကန်၏ အကျိုးစီးပွားများကို တိုက်ခိုက်ခြင်းဖြင့် လက်တုံ့ပြန်မည်ဆိုပါက မိုက်မဲရာကျလိမ့်မည်ဖြစ်ကြောင်း၊ ထိုအိမ်နီးချင်းနိုင်ငံများက စစ်ပွဲတွင် ပါဝင်လိုခြင်းမရှိဘဲ ယခုတော့ စစ်ပွဲထဲဆွဲသွင်းခံရမည့် အန္တရာယ်ရှိနေကြောင်း ၎င်းကဆိုသည်။

“အိမ်နီးချင်းနိုင်ငံတွေရဲ့ လေယာဉ်တွေက ကာကွယ်ရေးပိုင်းမှာ ပျံသန်းနေကြပါပြီ။ သူတို့ရဲ့ စစ်အခြေစိုက်စခန်းတွေကို အမေရိကန်က အသုံးပြုဖို့ ဆုံးဖြတ်ချက်ချမလားဆိုတာ စောင့်ကြည့်ရမယ်။အစပိုင်းတော့ သူတို့လည်း စစ်ပွဲထဲမပါချင်လို့ ငြင်းခဲ့ကြတာပါ” ဟု ပတ်ထရေးယပ်စ်က ပြောသည်။

အီရန်အပေါ်စစ်ဆင်ရေးက ရက်အတော်ကြာ ဆက်လက်ဖြစ်ပွားနိုင်ဖွယ်ရှိသည်။ အစ္စရေးက အီရန်ခေါင်းဆောင်ပိုင်း ပစ်မှတ်များကို အာရုံစိုက်နေပြီး အမေရိကန်က အီရန်စစ်ဘက်ဆိုင်ရာနေရာများနှင့် ပဲ့ထိန်းဒုံးကျည် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားနေသည်ဟု တာဝန်ရှိသူများက Fox News ကိုပြောသည်။

တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေချိန် အီရန်၏ယာယီဦးဆောင်မှုကောင်စီက မြေအောက်အနက်ပိုင်းတွင် ခိုအောင်းနေပြီး ၎င်းတို့၏ရည်ရွယ်ချက်က လက်ရှိတွင် ရှင်းရှင်းလင်းလင်းမရှိသေးကြောင်း ပတ်ထရေးယပ်စ်က သတိပေးနေသည်။

“အီရန်မှာ စွမ်းဆောင်ရည်တွေအများကြီး ရှိနေပါသေးတယ်။ အစ္စရေးကိုထိမှန်နိုင်တဲ့ တာဝေးပစ်ဒုံးကျည်တွေတင် မကဘဲ တာတိုပစ်ဒုံးကျည်တွေလည်း အများကြီးရှိနေသေးတယ်ဆိုတာ သတိပြုရမယ်” ဟု ၎င်းကပြောသည်။

“ဒီတော့ မေးခွန်းထုတ်စရာရှိတာက ဒီလိုအယူဝါဒအစွဲအလမ်းကြီးပြီး သဘောထားတင်းမာလွန်းတဲ့ ဘာသာရေးအုပ်ချုပ်မှုစနစ်ရဲ့ နေရာမှာ အစားထိုးရွေးချယ်စရာ ရှိလာနိုင်ပါ့မလား။ ရှေ့ထွက်လာတဲ့ ခေါင်းဆောင်ရှိရင်ရော အီရန်ပြည်သူတွေနဲ့ အစိုးရယန္တရားထဲက စိတ်ပျက်နေသူတွေက အဲဒီလူကို ဝိုင်းပံ့ပိုးကြပါ့မလားဆိုတာပါပဲ။ တကယ်တမ်း ဖြစ်လာနိုင်ခြေအရှိဆုံး အခြေအနေလို့တော့ ကျွန်တော် မမြင်မိဘူး” ဟု CIA အကြီးအကဲဟောင်းက သုံးသပ်ပြောခဲ့သည်။

အီရန်တွင် လက်ရှိအစိုးရကိုဆန့်ကျင်ပြီး လူထုကိုစုစည်းနိုင်မည့်သူ ပေါ်လာရန် ခက်ခဲလိမ့်မည်ဟု ၎င်းက ယူဆနေခြင်းဖြစ်သည်။

 

Most Read

Most Recent