ပါကစ္စတန်သည် အိမ်နီးချင်း အာဖဂန်နစ္စတန်နိုင်ငံနှင့် စစ်ကြေညာခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ပါကစ္စတန် ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။
နှစ်နိုင်ငံကြား လေကြောင်းတိုက်ခိုက်မှုများနှင့် နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ပါကစ္စတန်က ယခုကဲ့သို့ စစ်ကြေညာခဲ့ခြင်းဖြစ်သည်။
အာဖဂန်နစ္စတန်ပိုင်နက်အတွင်း ပါကစ္စတန်၏ တိုက်ခိုက်မှုများနှင့် အငြင်းပွားဖွယ် နယ်စပ်စည်းတစ်လျှောက် အာဖဂန်တပ်ဖွဲ့များ၏ တုံ့ပြန်မှုများကြောင့် မကြာသေးမီရက်များအတွင်း တင်းမာမှုများ ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ အခြေအနေပိုမိုပြင်းထန်လာခြင်းဖြစ်သည်။
ပါကစ္စတန်စစ်တပ်က နယ်စပ်တစ်ဖက်ခြမ်းမှ ပစ်ခတ်မှုများကို တုံ့ပြန်သည့်အနေဖြင့် Ghazab Lil Haq ဟု အမည်ပေးထားသော စစ်ဆင်ရေးတစ်ရပ်ကို စတင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်ဘက်ကမူ ၎င်းတို့၏တပ်ဖွဲ့များသည် နယ်စပ်ဒေသရှိ ပါကစ္စတန်စစ်တပ်၏ စခန်းများကို အကြီးစား ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်မြို့တော်နှင့် ကန်ဒါဟာမြို့များအပြင် ပတ်တီးယားပြည်နယ်တို့ကို ပါကစ္စတန်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တာလီဘန်အဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က အစောပိုင်းတွင် ပြောကြားခဲ့သည်။
ကာဘူးလ်၊ ပတ်တီးယားနှင့် ကန်ဒါဟာတို့တွင် ပါကစ္စတန်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အာဖဂန်တာလီဘန်တပ်ဖွဲ့ဝင် ၁၃၃ ဦး သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု ပါကစ္စတန်ဝန်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ မိုရှာရက်ဖ် ဇိုင်ဒီက အတည်မပြုနိုင်သေးသည့် ထိခိုက်ကျဆုံးမှုစာရင်းများကို X လူမှုမီဒီယာတွင် မျှဝေခဲ့သည်။
ထို့ပြင် အဆိုပါ တိုက်ခိုက်မှုများအတွင်း တာလီဘန်စစ်စခန်း ၂၇ ခုကို ဖျက်ဆီးနိုင်ခဲ့ကာ ၉ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ တင့်ကားများ၊ အမြောက်များနှင့် လက်နက်ကိုင်တပ်ဖွဲ့ဝင်တင်ဆောင်သည့် ယာဉ် ၈၀ ကျော်ကိုလည်း ဖျက်ဆီးခဲ့ကြောင်း ပြောကြားထားသည်။
Ref: Indian Express









