မြန်မာနိုင်ငံဘက်သို့ တရားမဝင် ဖုန်းလိုင်းနှင့် အင်တာနက်လှိုင်းလွှင့်ထုတ်နေသည့် စံခလပူရီမြို့နယ်အတွင်းရှိ ဖုန်းတာဝါတိုင်စခန်းကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းကာ ဆက်သွယ်ရေးပစ္စည်းများအား သိမ်းဆည်းခဲ့

မြန်မာနိုင်ငံဘက်သို့ တရားမဝင် ဖုန်းလိုင်းနှင့် အင်တာနက်လှိုင်းလွှင့်ထုတ်နေသည့် စံခလပူရီမြို့နယ်အတွင်းရှိ ဖုန်းတာဝါတိုင်စခန်းကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းကာ ဆက်သွယ်ရေးပစ္စည်းများအား သိမ်းဆည်းခဲ့
Published 26 February 2026

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလပူရီမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံဘက်ခြမ်းသို့ တရားမဝင် ဖုန်းလိုင်းနှင့် အင်တာနက်လှိုင်းများ လွှင့်ထုတ်ပေးနေသည့် ပုဂ္ဂလိက ဖုန်းလိုင်းအခြေစိုက်စခန်းတစ်ခုကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းပြီး ဆက်သွယ်ရေးပစ္စည်းများကို သိမ်းဆည်းခဲ့ကြောင်း ထိုင်းနိုင်ငံဘက်မှ လာသည့် သတင်းများအရ သိရသည်။

စူရစီတပ်ဖွဲ့ (Surasee Force) တပ်မှူး ဗိုလ်ချုပ် နတ်သဖွန် အာဆာဝင်ဝန်း (Natthaphong Aswinwong) ၏ ညွှန်ကြားချက်အရ လတ်ယားတပ်ဖွဲ့ (Lat Ya Task Force)၊ အုပ်ချုပ်ရေးအဖွဲ့များ၊ စံခလပူရီရဲတပ်ဖွဲ့နှင့် အမျိုးသား ရုပ်သံလွှင့်နှင့် ဆက်သွယ်ရေးကော်မရှင် (NBTC) တို့ ပူးပေါင်းကာ  ဖေဖော်ဝါရီ (၂၅) ရက်က ထောင်ဖာဖွန် ခရိုင်တရားရုံး၏ ရှာဖွေဝရမ်းဖြင့် ယင်းပုဂ္ဂလိက ဖုန်းလိုင်းအခြေစိုက်စခန်း ဝင်ရောက် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါစခန်းသည် စံခလပူရီမြို့နယ်၊ နောင်လူကျေးရွာအုပ်စုရှိ စိုက်ပျိုးရေးဇုန်အတွင်း တည်ရှိပြီး NBTC ၏ ခွင့်ပြုချက်မရှိဘဲ မြန်မာနိုင်ငံဘက်သို့ ဖုန်းလိုင်းနှင့် အင်တာနက်လှိုင်းများကို အားကောင်းစွာ လွှင့်ထုတ်ပေးနေကြောင်းကို စစ်ဆေးတွေ့ရှိခဲ့သည်။

၎င်းသည် နယ်စပ်ဖြတ်ကျော် အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် တရားမဝင် လုပ်ငန်းများအတွက် အထောက်အကူပြုနေနိုင်သည်ဟု သံသယရှိသဖြင့် ထိုင်းအာဏာပိုင်များက ယင်းကဲ့သို့ ဝင်ရောက်စီးနင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထိုစီးနင်းမှုအတွင်း အင်တာနာတိုင် ၄ တိုင်၊ Remote Radio Unit (RRU) ၆ လုံး၊ လစ်သီယမ်အိုင်ယွန် ဘက်ထရီ ၃ လုံး၊ လျှပ်စစ်ဖြန့်ဝေစနစ် ၃ ခုနှင့် ဆက်စပ်ကေဘယ်ကြိုးများကို သက်သေအဖြစ် သိမ်းဆည်းနိုင်ခဲ့သည်။

လက်ရှိတွင် သိမ်းဆည်းရမိသော ပစ္စည်းများကို စံခလပူရီရဲစခန်းသို့ လွှဲပြောင်းပေးအပ်ထားပြီး ဆက်စပ် ပတ်သက်သူများကို ဖော်ထုတ်အရေးယူရန်နှင့် အဆိုပါ တာဝါတိုင်အား ဥပဒေနှင့်အညီ အမြန်ဆုံး ဖျက်သိမ်းသွားရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဘိုဘိုမြင့်

Photo Credit - Thai News

Most Read

Most Recent