စားအုန်းဆီ ထုတ်လုပ်သောနိုင်ငံများတွင် ထုတ်လုပ်မှုလျော့ကျခြင်းနှင့် ပွဲတော်ကာလများအတွက် ကြိုတင်ဝယ်ယူစုဆောင်းမှု များလာခြင်းတို့ကြောင့် ကမ္ဘာ့နိုင်ငံများတွင် စားအုန်းဆီဈေးနှုန်း အနည်းငယ် မြင့်တက်လာကြောင်း ဖေဖောဝါရီ ၂၆ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြပါရှိသည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလမှစ၍ စားအုန်းဆီ ထုတ်လုပ်သောနိုင်ငံများတွင် ထုတ်လုပ်မှုလျော့ကျခြင်း၊ တရုတ်နှစ်သစ်ကူးပွဲတော်နှင့် ရမသွာန် (Ramadan) ကာလများအတွက် ကြိုတင်ဝယ်ယူ စုဆောင်းမှုများလာ ခြင်းတို့ကြောင့် ကမ္ဘာ့နိုင်ငံများတွင် စားအုန်းဆီဈေးနှုန်း အနည်းငယ် မြင့်တက်လာခဲ့ကြောင်း သိရသည်။
သတင်းအရင်းအမြစ်များနှင့် Reuters Software ပါ ဈေးကွက် သတင်းများအရ၂၀၂၆ ခုနှစ် ဇန်နဝါရီမှ မတ်လအတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်မှုလျော့ကျသည့်ကာလဖြစ်ခြင်း၊ လက်ရှိကာလတွင် မလေးရှားရင်းဂစ်ငွေတန်ဖိုး မြင့်တက်လာခြင်း၊ အင်ဒိုနီးရှားအစိုးရက စားအုန်းဆီ ပို့ကုန်ခွန် (Levy) ကို လက်ရှိ ၁၀ ရာခိုင်နှုန်းမှ ၂ ဒသမ၅ ရာခိုင်နှုန်းတိုးမြှင့်ပြီး ၂၀၂၆ ခုနှစ် မတ် ၁ ရက်မှစ၍ ၁၂ ဒသမ ၅ ရာခိုင်နှုန်းအထိ ကောက်ခံရန် အတည်ပြုထားပြီးဖြစ်ခြင်း၊ ကမ္ဘာ့ စားအုန်းဆီ လက်ကျန်အချိုးသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ၂၀ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ၁၉ ရာခိုင်နှုန်း သို့ ကျဆင်းလာခြင်း၊ မတ်လကုန်ပိုင်းတွင် ကျင်းပမည့် အီးဒ်ပွဲတော် (Eid al-Fitr) ကာလအတွက် ဝယ်လိုအားများခြင်းတို့ကြောင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် စားအုန်းဆီ FOB တစ်တန် ဈေးနှုန်း (ထုတ်လုပ် သည့် နိုင်ငံများ၏ဈေးနှုန်း) သည် အမေရိကန်ဒေါ်လာ ၁၀၄၇၊ ဖေဖော်ဝါရီလတွင် ၁၀၇၈ သို့ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။















