ဂျပန်သုတေသနပညာရှင်များသည် AI နည်းပညာအသုံးပြုထားသည့် စက်ရုပ်ဘုန်းတော်ကြီးတစ်ပါးကို ထုတ်ဖော်ပြသခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြခဲ့သည်။
အဆိုပါစက်ရုပ်သည် ဘာသာရေးအကြံဉာဏ်များကို ပေးစွမ်းနိုင်ပြီး နောင်တစ်ချိန်တွင် လူသားဘုန်းတော်ကြီးများ ရှားပါးလာမှုကို ဖြေရှင်းပေးနိုင်လိမ့်မည်ဟု သုတေသီများက ပြောကြားခဲ့သည်။
အဆိုပါစက်ရုပ်ကို ခက်ခဲနက်နဲသော ဗုဒ္ဓဘာသာကျမ်းစာများကို အချက်အလက်များအဖြစ် ထည့်သွင်းပေးသောကြောင့် လူသားချင်း ပြောပြရန် ဝန်လေးနေတတ်သည့် ထိရှလွယ်သော မေးခွန်းများကိုလည်း ဖြေကြားပေးနိုင်စွမ်းရှိသည်ဟု ကျိုတိုတက္ကသိုလ်က ပြောကြားခဲ့သည်။
Buddharoid ဟု အမည်ပေးထားသည့် အဆိုပါ လူပုံစံငယ်စက်ရုပ်သည် အသံဖြင့် ဆက်သွယ်ပြောဆိုနိုင်ရုံသာမက ဘာသာရေးဆိုင်ရာ ဝတ်ပြုရာနေရာများတွင် လူသားဘုန်းတော်ကြီးတစ်ပါး ရှိနေသကဲ့သို့ ခံစားချက်မျိုးကိုပါ ပေးစွမ်းနိုင်လိမ့်မည်ဟု ဆိုသည်။
အဆိုပါ စက်ရုပ်ကို ကျိုတိုတက္ကသိုလ်၏ အနာဂတ်လူ့အဖွဲ့အစည်း အင်စတီကျုမှ ပါမောက္ခ ဆန်ဂျီ ကူမာဂါအီက တီထွင်ဖန်တီးခဲ့ခြင်းဖြစ်သည်။
Ref: AFP
Photos: Kyoto/NHK









