အပြစ်မဲ့ပြည်သူများထံမှ ဒေါ်လာဘီလျံနှင့်ချီ၍ ခိုးယူနေသည့် အရှေ့တောင်အာရှရှိ ကျားဖျန့်စင်တာများကို အမြစ်ပြတ်ချေမှုန်းသွားမည်ဟု အမေရိကန် စုံစမ်းစစ်ဆေးရေးဗျူရို (FBI) က ကတိပြုလိုက်သည်။
အရှေ့တောင်အာရှဒေသအတွင်း အကြီးစား ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းများကို လုပ်ကိုင်နေကြသော ဂိုဏ်းများ၊ အဖွဲ့အစည်းများသည် အမေရိကန်နိုင်ငံသားများကို နေ့စဉ်နှင့်အမျှ ပစ်မှတ်ထားနေကြောင်း FBI ၏ နိုင်ငံတကာစစ်ဆင်ရေးဌာနခွဲ ဒုတိယလက်ထောက်ညွှန်ကြားရေးမှူး စကော့ ရှယ်လ်ဘဲလ်က ပြောကြားခဲ့သည်။
အရှေ့တောင်အာရှဒေသတွင်းရှိ ကျားဖျန့်လုပ်ငန်းများအကြောင်း ဆွေးနွေးရန် ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့မှ ရဲတပ်ဖွဲ့တာဝန်ရှိသူများနှင့် မကြာသေးမီက တွေ့ဆုံခဲ့ကြောင်း ရှယ်လ်ဘဲလ်က သတင်းထောက်များကို ပြောကြားခဲ့သည်။
အဆိုပါ ကျားဖျန့်ခြံဝင်းများအတွင်း အဓမ္မခိုင်းစေခံထားရသော အလုပ်သမားအများအပြားရှိနေပြီး ၎င်းတို့သည် ကမ္ဘာတစ်ဝန်းရှိ လူများကို ငွေညှစ်ခြင်းနှင့် အခြားဒီဂျစ်တယ်ငွေကြေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လိမ်လည်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။
တစ်နှစ်လျှင် ဒေါ်လာဘီလျံနှင့်ချီပြီး တရားမဝင်ရရှိထားသည့် ငွေကြေးများ၏ ဇာစ်မြစ်ကို ဖျောက်ဖျက်ရန်အတွက် အလွန်ကျယ်ပြန့်ပြီး ရှုပ်ထွေးနက်နဲသော ငွေကြေးခဝါချမှုစနစ်တစ်ခုလည်း ပေါ်ပေါက်လာခဲ့သည်ဟု ဆိုသည်။
FBI နှင့် အမေရိကန်တရားရေးဝန်ကြီးဌာနတို့သည် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေမှုကို ရှယ်လ်ဘဲလ်က ချီးကျူးစကားဆိုခဲ့ပြီး ၎င်းတို့သည် ပခုံးချင်းယှဉ်၍ အတူတကွ လုပ်ဆောင်နေကြောင်း၊ ထိုကဲ့သို့ပူးပေါင်းဆောင်ရွက်မှုကြောင့် ရာဇဝတ်မှုကွန်ရက်များကို ဖြိုခွဲခြင်း၊ နစ်နာသူများကို ဖော်ထုတ်ခြင်းနှင့် အဆိုပါရာဇဝတ်မှုများကို ထောက်ပံ့နေသည့် ငွေကြေးဆိုင်ရာ အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားနှိမ်နင်းခြင်းတို့တွင် အောင်မြင်မှုများစွာ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
Ref: Malaysiakini/ The Record
Photos- FBI/AFP/AP









