■ စွမ်းအင်ကဏ္ဍတွင် AI နည်းပညာအသုံးပြုပြီး ပါးလွှာသဲကြောများမှ သဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်နိုင်ရေး Pilot Project လုပ်ငန်းများ စတင်ဆောင်ရွက်နေဟု ဆို
ရေနံမြေအဟောင်းများတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းပြီး တွင်းစားစနစ် (Well by Well Basic) ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် လက်မှတ်ရေးထိုးပြီး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက ပြောကြားသည်။
ဖေဖော်ဝါရီ ၂၄ ရက်က နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်၏ ပ ဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံတော်၏ လက်ရှိမူဝါဒ၊ လမ်းညွှန်မှုများအရ ရှေ့လုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ကော်မရှင်၏ ပ ဉ္စမအကြိမ်အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ကော်မရှင်စတင်ဖွဲ့စည်းချိန်မှ ယနေ့အထိ တစ်နှစ်နှင့် နှစ်လ ကာလအတွင်း လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် လုပ်ငန်းများအတိုင်း အတာတစ်ခုအထိ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ပြီးခဲ့သည့်ကော်မရှင်အစည်းအဝေးများတွင် နိုင်ငံတော်က ချမှတ်ပေးထားသည့် လုပ်ငန်းတာဝန် ၁၅ ရပ်ကို အဓိကထား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြားသည်။
နိုင်ငံတော်က ချမှတ်ပေးခဲ့သည့် မူဝါဒလမ်းညွှန်မှုများကို အခြေခံ၍ နိုင်ငံတော်၏ ဖွံ့ဖြိုးရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ၊ ရရှိနိုင်မည့်ခံစားခွင့် (Opportunities and incentives) များကို ရှင်းလင်းချပြပြီး နိုင်ငံ့စီးပွားရေးကဏ္ဍ အထောက်အကူပြုစေရေး ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် လျှပ်စစ်ဓာတ်အားလိုအပ်ချက် ပြည့်မီစေရေး ရနိုင်သည့်အရင်းအမြစ်များမှ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကော်မရှင်စတင်ဖွဲ့စည်းချိန်မှ ယနေ့အထိ လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ်မှုအနေဖြင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံအသစ်များဖြစ်သည့် သာစည် ၄၀ မဂ္ဂါဝပ်ကို အမျိုးသားဓာတ်အားကွန်ရက်နှင့် ချိတ်ဆက်ပို့လွှတ်နေပြီး သပြေဝ ၄၀ မဂ္ဂါဝပ်ကိုလည်း မတ်လဆန်းတွင် ထပ်မံချိတ်ဆက်ပို့လွှတ်နိုင်မည်ဖြစ်ကြောင်း၊ အချိန်တိုအတွင်း လျှပ်စစ်ဓာတ်အားရရှိအောင် ဆောင်ရွက်ခဲ့သည့် LNG စီမံကိန်း (၅၀၀ မဂ္ဂါဝပ်) ၏ ဓာတ်အားပေးစက်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင် စီးပွားဖြစ် ဓာတ်အားထုတ်လုပ်နိုင်ခဲ့ပါကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ရေအားလျှပ်စစ်သည် သန့်ရှင်းသည့် ပြန်ပြည့်မြဲစွမ်းအင်ဖြစ်ပြီး ထုတ်လုပ်မှုစရိတ် သက်သာသောကြောင့် နိုင်ငံတော်အနာဂတ် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည့် ရေအားလျှပ်စစ်စီမံကိန်းကြီးများကို အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း၊ စီမံကိန်းများ အကောင်အထည်ဖော်ရာတွင်လည်း မိမိတို့နိုင်ငံ၏ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းကမ်းသတ်မှတ်ချက်၊ စံနှုန်းများအပြင် နိုင်ငံတကာ၌ ဆောင်ရွက်နေသည့် သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့်လည်း ရေမြေသဘာဝနှင့် လူမှုစီးပွားရေးလုပ်ငန်း ပိုမိုကောင်းမွန်စေရန်၊ အစဉ်အမြဲသုံးစွဲနိုင်ရန်၊ ဒေသဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန်၊ ရေကြောင်းသယ်ယူပို့ဆောင်ရေး ကောင်းမွန်စေရန်၊ ရေကြီးရေလျှံမှုဘေးအန္တရာယ် လျှော့ချနိုင်ရန်နှင့် ပတ်ဝန်းကျင်အခြေပြု ခရီးသွားလုပ်ငန်းတစ်ခုဖြစ်သည့် River Tourism လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းများ ဖော်ဆောင်ရန် တိုက်တွန်းလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
စွမ်းအင်ကဏ္ဍတွင် AI နည်းပညာအသုံးပြုပြီး ပါးလွှာသဲကြောများမှ သဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်နိုင်ရေး Pilot Project လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ ရေနံမြေအဟောင်းများတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းပြီး တွင်းစားစနစ် (Well by Well Basic) နှင့် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် လက်မှတ်ရေးထိုးပြီး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တို့တွင် 2 D Seismic လုပ်ငန်းများ ဆောင်ရွက်ပြီး တူးဖော်ထုတ်လုပ်ရေးအတွက် လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း၊ မုတ္တမကမ်းလွန်လုပ်ကွက် M – 10 (မင်းရဲသူစီမံကိန်း) အတွက် Production Sharing Contract ကို ချုပ်ဆိုပြီးဖြစ်ပါကြောင်း၊ အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) ၏ စက်ရုံသစ်စီမံကိန်း Phase I ကိုလည်း မကြာမီ စတင်လည်ပတ်နိုင်မည်ဖြစ်၍ ၁၉၈၂ ခုနှစ်တွင် နောက်ဆုံးဖွင့်လှစ်ခဲ့သည့် သံပရာကန် ရေနံချက်စက်ရုံပြီးနောက် ပထမဆုံး ဖွင့်လှစ်နိုင်သည့် ရေနံချက်စက်ရုံကြီးဖြစ်ကြောင်း၊ အနာဂတ်စွမ်းအင်ကဏ္ဍအတွက် အရေးကြီးသည့် ကမ်းလွန်စီမံကိန်းအသစ်များကို သတ်မှတ်ချိန်အတိုင်း အကောင်အထည်ဖော်ဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ယခုအစည်းအဝေးတွင် မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုနှင့် တိုးတက်မှုအခြေအနေများ၊ ဖြေရှင်းဆောင်ရွက်ရန် လိုအပ်ချက်များရှိပါက အကြံပြုပေးစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် ကော်မရှင်ဒုတိယဥက္ကဋ္ဌ (၂) စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်တို့က စတုတ္ထအကြိမ် အစည်းအဝေးကာလအတွင်း လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာတိုးတက်မှု၊ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း/စီမံကိန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသော ကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများက လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ဆောင်ရွက်မှုများအပေါ် မိမိတို့ဝန်ကြီးဌာနနှင့်သက်ဆိုင်သော အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုများနှင့် အကြံပြုချက်များအား ဆွေးနွေးတင်ပြကြကြောင်း သိရသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ အစည်းအဝေးတက်ရောက်လာသူများက ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း/စီမံကိန်းအခြေအနေ၊ အခက်အခဲများအပေါ် ဝိုင်းဝန်းဆွေးနွေးကြသည်။
ယင်းနောက် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌက လျှပ်စစ်နှင့်စွမ်းအင်သည် နိုင်ငံတော်၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အဓိကမောင်းနှင်အားဖြစ်ကြောင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် (Sustainable Development Goal - SDG) သို့ ရောက်ရှိရန်အတွက် စွမ်းအင်ကို ဖူလုံပြည့်စုံစွာ ဖြည့်ဆည်းပေးရန် လိုအပ်ကြောင်း၊ ထို့ကြောင့် ဖွံ့ဖြိုးပြီး/ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် စွမ်းအင်ဖူလုံရန်နှင့် ရေရှည်အာမခံချက်ရှိရန်အတွက် နိုင်ငံ၏စွမ်းအင်ဖူလုံရေးသည် ဦးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရေအား၊ လေအား၊ နေရောင်ခြည်စွမ်းအင် အစရှိသည့် ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်များ ကြွယ်ဝသည့်အတွက် နိုင်ငံ၏ လျှပ်စစ်နှင့်စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းရာတွင် ၎င်းစွမ်းအင်အရင်းအမြစ်များကို အလေအလွင့်မဖြစ်စေဘဲ စနစ်တကျထုတ်ယူသုံးစွဲနိုင်ရန် လိုအပ်ကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍလုပ်ငန်းများသည် နည်းပညာနှင့်ရင်းနှီးမြှုပ်နှံမှုကြီးမားသည့် လုပ်ငန်းများဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံမှုများအတွက် နိုင်ငံတော်နှင့် ရင်းနှီးမြှုပ်နှံသူ နှစ်ဦးနှစ်ဖက် နစ်နာမှုမရှိစေမည့် ဥပဒေ၊ မူဝါဒ၊ စည်းမျဉ်းစည်းကမ်းများ ချမှတ်ပေးရမည်ဖြစ်သကဲ့သို့ တိုးတက်လာသည့် နည်းပညာများနှင့် လိုက်ပါအသုံးပြုနိုင်ရေးအတွက် အရည်အချင်းပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးနိုင်ရန်လည်း အရေးကြီးပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးအနေဖြင့်လည်း လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်နှင့် ဆောင်ရွက်ဆဲလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းတိုးတက်မှုအခြေအနေများ၊ အခက်အခဲနှင့်စိန်ခေါ်မှုများကို ဖြေရှင်းကျော်လွှားနိုင်အောင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး စွမ်းအင်ဖူလုံမှုရရှိသည်အထိ ကြိုးပမ်းဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌများနှင့် ကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြကြောင်း သိရသည်။









