ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၂ ရက်အတွင်း ပါကစ္စတန်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အာဖဂန်နစ္စတန်အရှေ့ပိုင်းတွင် အနည်းဆုံးအရပ်သား ၁၃ ဦး သေဆုံးပြီး ခုနစ်ဦးဒဏ်ရာရခဲ့သည်ဟု ကုလသမဂ္ဂက ဖေဖော်ဝါရီ ၂၃ ရက်တွင် ထုတ်ပြန်သည်။
ပါကစ္စတန်နိုင်ငံအတွင်း အသေခံဗုံးခွဲမှုများ ဆက်တိုက်ဖြစ်ပွားပြီးနောက် နှစ်နိုင်ငံတင်းမာမှုများ မြင့်တက်နေချိန် ယခုတိုက်ခိုက်မှု ပေါ်ပေါက်လာကာ အိမ်နီးချင်းနှစ်နိုင်ငံကြား လက်စားချေမှုသံသရာ တစ်ကျော့ပြန်လည်လာမည်ကို ပိုမိုစိုးရိမ်စရာဖြစ်လာစေသည်။
လက်နက်ကိုင်အကြမ်းဖက်မှုများ ပေါ်ပေါက်လာတိုင်း နှစ်ဖက်စလုံးက အပြန်အလှန်အပြစ်တင်လေ့ရှိသည်။
ရာမဒန်ဥပုသ်လအတွင်း အသေခံဗုံးခွဲမှုများ အပါအဝင် လတ်တလောတိုက်ခိုက်မှုများသည် အာဖဂန်အတွင်း အခြေစိုက်လှုပ်ရှားနေသည့် လက်နက်ကိုင်များ၏ လက်ချက်ဟု စွပ်စွဲပြီးနောက် လေကြောင်းတိုက်ခိုက်မှုများကို ပြုလုပ်လိုက်ခြင်းဖြစ်ကြောင်း ပါကစ္စတန်က ပြောသည်။
ပါကစ္စတန်ပြန်ကြားရေးဝန်ကြီးဌာန၏ X လူမှုကွန်ရက်ပို့စ်တွင် ပါကစ္စတန်ကို တိုက်ခိုက်ရန် အာဖဂန်အခြေစိုက် ခေါင်းဆောင်ပိုင်းနှင့် စီစဉ်သူများက ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း ခိုင်လုံသည့်သက်သေများရှိသည်ဟု ဆိုသည်။
အာဖဂန်အစိုးရဘက်ကလည်း အာဖဂန်မြေကို အသုံးပြုကာ ပါကစ္စတန်ကို တိုက်ရန် လက်နက်ကိုင်များကို ခွင့်ပြုထားခြင်းမရှိဟု အကြိမ်ကြိမ်ငြင်းခဲ့သည်။
ဆော်ဒီအာရေးဗျ၏ ညှိနှိုင်းမှုဖြင့် ပါကစ္စတန်စစ်သားသုံးဦးကို အာဖဂန်က ပြန်လွှတ်ပေးပြီးမှမကြာသေး ယခုတဖန် တင်းမာလာခြင်းဖြစ်သည်။
အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနက ပါကစ္စတန်၏ လုပ်ရပ်သည် အချုပ်အခြာအာဏာနှင့် နိုင်ငံတကာဥပဒကို ချိုးဖောက်ခြင်းဟုဆိုပြီး သင့်လျော်သည့်အချိန်တွင် သင့်လျော်သလိုတုံ့ပြန်သွားမည်ဟု တုံ့ပြန်ထားသည်။
Ref: Reuters









