■ အငြိမ်းစားဝန်ထမ်းများကို ပင်စင်လစာထုတ်ပေးရာ၌  e-ID စနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်ပြီး UID နံပါတ်များကောက်ယူနေ

■ အငြိမ်းစားဝန်ထမ်းများကို ပင်စင်လစာထုတ်ပေးရာ၌  e-ID စနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်ပြီး UID နံပါတ်များကောက်ယူနေ
Published 24 February 2026

အငြိမ်းစားဝန်ထမ်းများကို ပင်စင်လစာထုတ်ပေးရာ၌  e-ID စနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်ပြီး UID နံပါတ်များကောက်ယူမှုကို ဆောင်ရွက်နေကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောကြားသည်။

ဖေဖော်ဝါရီ ၂၃ ရက်က နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ် (ရုံးချုပ်) မြတ်ပန်းသဇင်ခန်းမ၌ ကျင်းပသည့် မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ချုပ်စာရင်းပိတ်လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲဖွင့်ပွဲတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်‌ထောင်စုဝန်ကြီးက ပြည်တွင်း၊ ပြည်ပငွေရေးကြေးရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်သူများမှတစ်ဆင့် မိုဘိုင်းနှင့် ဘဏ္ဍာရေးဆိုင်ရာနည်းပညာ (Fin-tech) ဝန်ဆောင်မှုလုပ်ငန်းများ ချဲ့ထွင်ဆောင်ရွက်ခြင်းအားဖြင့် ဘဏ်လုပ်ငန်းဆိုင်ရာအချက်အလက်များကို ဗဟိုထိန်းချုပ်မှု(Centralized) စနစ်အသုံးပြုပြီး ဘဏ်လုပ်ငန်းစဉ်များကို အလိုအလျောက်ဆောင်ရွက်လာနိုင်သည့်အတွက် ဝန်ထမ်းအင်အား၊ အချိန်၊ စာရွက် စာတမ်းစသည့်ဝန်ပိုများကို လျှော့ချနိုင်ကာ ဘဏ်နှင့်ဆက်သွယ်သူများသည် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အသုံးပြုလာနိုင်သည်ကို တွေ့ရကြောင်း၊ အငြိမ်းစားဝန်ထမ်းများကို ပင်စင်လစာထုတ်ပေးရာ၌ ပိုမိုအဆင်ပြေချောမွေ့စေရန် e-ID စနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် UID နံပါတ်များကောက်ယူမှုကို ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ငွေသားသုံးစွဲမှုလျှော့ချနိုင်ရန်နှင့် နိုင်ငံ့ဝန်ထမ်းလစာနှင့် ပင်စင်လစာများကို MEB Pay Wallet သို့ထည့်သွင်း၍ လွယ်ကူစွာထုတ်ယူနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

CBM Net ဖြင့်ချိတ်ဆက်၍ FI Gate Way ကို ဒီဇင်ဘာလအထိ ဘဏ်ခွဲပေါင်း ၃၉ ဘဏ်တွင် ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ Centralized e-Pension စနစ်ကိုလည်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ ဘဏ်ခွဲပေါင်း ၁၈၅ ဘဏ်တွင် ဆောင်ရွက်လျက်ရှိရာ ပင်စင်စားဦးရေ၏ ၈၅ ဒသမ ၇၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ Core Banking စနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကိုလည်း အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး Core Banking စနစ်မှသည် ကျန်ရှိသော ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို တိုးချဲ့ဆောင်ရွက်နိုင်ရန် ကြိုးပမ်းကြရန်ဖြစ်ကြောင်း၊ နိုင်ငံတော်မှချမှတ်ထားသည့်လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ အောင်မြင်စေရေးအတွက် တာဝန်ရှိ အရာထမ်းများကလည်း ပြဋ္ဌာန်းထားသော ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို ဘဏ်၏ တာဝန်ရှိသူအဆင့်ဆင့်က အထူးအလေးထား ပူးပေါင်းဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း၊ နိုင်ငံတော်အစိုးရ၊ အများပြည်သူနှင့် ဘဏ်များအကြား သုံးဦးသုံးဖလှယ်အကျိုးရှိသည့် Win-Win-Win Situation ရရှိရေး ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း၊ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်လာကို မျက်ခြည်ပြတ်မခံဘဲ လေ့လာဆည်းပူးကြရန် ပြည်ထောင်စုဝန်ကြီးက ဆကိလက်ပြောကြားသည်။

အဆိုပါနိုင်ငံပိုင်မြန်မာ့စီးပွားရေးဘဏ်သည် ဘဏ္ဍာရေးနှစ်အလိုက် နှစ်ချုပ်စာရင်းပိတ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို နှစ်စဉ်ပြုလုပ်လျက်ရှိရာ ယခုနှစ်ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ကဏ္ဍအလိုက်ဆွေးနွေးမှုများအပြင် စာတမ်းဖတ်ပွဲများ၊ ကဏ္ဍအလိုက်ဆွေးနွေးညှိနှိုင်းပွဲများ၊ လုပ်ငန်းစွမ်းဆောင်ရည်နှင့် ထူးချွန်မှုအတွက် ဆုပေးပွဲများပါဝင်ပြီး ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၆ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent