ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး၏ သေကျေပျက်စီးမှုများပြားလှသော မူးယစ်ဆေးဝါးနှိမ်နင်းရေးစီမံချက်နှင့် ဆက်နွှယ်သည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တရားစွဲဆိုခြင်း ပြု၊ မပြု ဆုံးဖြတ်ရန် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က ဖေဖော်ဝါရီ ၂၃ ရက်တွင် ကြားနာစစ်ဆေးမှုများကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
လေးရက်ကြာ ကျင်းပမည့် ထိုစွဲချက်အတည်ပြုခြင်းဆိုင်ရာအစည်းအဝေးများသည် ဒူတာတေးကို ရုံးတင်စစ်ဆေးရန် လုံလောက်သော သက်သေအထောက်အထား ရှိ၊ မရှိ ဆုံးဖြတ်ပေးမည်ဖြစ်သည်။
အသက် ၈၀ အရွယ်ရှိ ဒူတာတေးကို တရားသူကြီးများက ကြားနာပွဲတွင် ပါဝင်ရန် ကျန်းမာရေးအရ သင့်တော်သည်ဟု ဆုံးဖြတ်ထားသော်လည်း ကြားနာပွဲသို့ တက်ရောက်ခွင့်ကို စွန့်လွှတ်ရန် ခုခံချေပသူ၏ တောင်းဆိုမှုကို တရားရုံးက ခွင့်ပြုပေးခဲ့သောကြောင့် ၎င်းသည် သည်ဟိဂ်မြို့ရှိ တရားရုံးတွင် ကိုယ်တိုင်တက်ရောက်ခဲ့ခြင်းမရှိပေ။
ကြားနာပွဲများအပြီးတွင် တရားသူကြီးများသည် ဒူတာတေးကို အပြည့်အဝ ရုံးတင်စစ်ဆေးသင့်၊ မသင့်နှင့် ပတ်သက်၍ ရက်ပေါင်း ၆၀ အတွင်း စာဖြင့်ရေးသားကာ ဆုံးဖြတ်ချက် ထုတ်ပြန်ရမည်ဖြစ်သည်။
Ref: AFP
Photos: AFP









