ကနေဒါနိုင်ငံ အနောက်ပိုင်း ဝေးလံခေါင်သီသည့် ဒေသတစ်ခုတွင် ဖေဖော်ဝါရီ ၁၀ ရက်က စာသင်ကျောင်းတစ်ကျောင်းနှင့် နေအိမ်တစ်အိမ်ကို ပစ်မှတ်ထားသည့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သေနတ်သမား အပါအဝင် လူကိုးဦး သေဆုံးခဲ့သည်။
အဆိုပါ ပစ်ခတ်မှုများသည် ရော့ကီးတောင်တန်းဒေသ၏ တောင်ခြေတွင်ရှိသော ဘရစ်တစ်ရှ် ကိုလံဘီယာပြည်နယ် တန်ဘလာ ရစ်ချ်မြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဒဏ်ရာရရှိသူ စုစုပေါင်း ၂၇ ဦးရှိပြီး ၎င်းတို့အနက် အသက်အန္တရာယ်စိုးရိမ်ရသူ နှစ်ဦးပါဝင်ကြောင်း တော်ဝင်ကနေဒါရဲတပ်ဖွဲ့ (RCMP) က ထုတ်ပြန်ခဲ့သည်။
ပစ်ခတ်မှုများပြုလုပ်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည့် သေနတ်သမားသည် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း ကနေဒါမီဒီယာများက ဖော်ပြခဲ့သော်လည်း ကနေဒါရဲတပ်ဖွဲ့ကမူ ဖေဖော်ဝါရီ ၁၀ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သံသယရှိသူ၏ အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။
ထိုပစ်ခတ်မှုဖြစ်စဉ်ကြောင့် ဝန်ကြီးချုပ် မာ့ခ် ကာနေးသည် ဂျာမနီနိုင်ငံတွင် ပြုလုပ်မည့် မြူးနစ်လုံခြုံရေးညီလာခံသို့ သွားရောက်မည့် ခရီးစဉ်ကို ဆိုင်းငံ့ခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။
Ref: AFP









