ရာထူးက ထုတ်ပယ်ဖို့ တောင်းဆိုမှုတွေ ပိုမိုမြင့်တက်လာခဲ့ပေမဲ့ အသင်းမှာ ဆက်ရှိမယ်လို့ ယုံကြည်ကြောင်း သောမတ်စ်ဖရန့်ခ် ပြောကြား

ရာထူးက ထုတ်ပယ်ဖို့ တောင်းဆိုမှုတွေ ပိုမိုမြင့်တက်လာခဲ့ပေမဲ့ အသင်းမှာ ဆက်ရှိမယ်လို့ ယုံကြည်ကြောင်း သောမတ်စ်ဖရန့်ခ် ပြောကြား
Photo: X
Photo: X
Published 11 February 2026

စပါးအသင်းဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နယူးကာဆယ်အသင်းကို အိမ်ကွင်းမှာ (၁-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယားအဆင့်(၁၆)နေရာ ရောက်ရှိသွားခဲ့ပြီး နည်းပြ သောမတ်စ်ဖရန့်ခ်ကို ရာထူးက ထုတ်ပယ်ဖို့ တောင်းဆိုမှုတွေလည်း ပိုမိုမြင့်တက်လာကြောင်း သိရပါတယ်။

စပါးအသင်းရဲ့ ပရိသတ်တွေက နယူးကာဆယ်နဲ့ပွဲ ယှဉ်ပြိုင်ကစားနေစဉ်မှာကတည်းက နည်းပြ သောမတ်စ်ဖရန့်ခ်နဲ့ ကစားသမားတွေကို အော်ဟစ်လှောင်ပြောင်မှု ပြုလုပ်ခဲ့ကြပြီး သောမတ်စ်ဖရန့်ခ်ကိုတော့ ''မနက်ရောက်ရင် ရာထူူးက ထုတ်ပယ်ခံရတော့မယ်''လို့ သီချင်းလုပ်ဆိုခဲ့ကြကြောင်း သိရပါတယ်။ 

စပါးအသင်းဟာ ပရီးမီးယားလိဂ်မှာ ဒီဇင်ဘာလက ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရပြီးနောက်ပိုင်း (၈)ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ပြီး (၁၈)နှစ်အတွင်း အရှည်ကြာဆုံးနိုင်ပွဲပျောက်မှုဖြစ်ခဲ့သလို၊ နောက်ဆုံးပရီးမီးယားလိဂ်(၁၇)ပွဲမှာလည်း နိုင်ပွဲ(၂)ပွဲသာ ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။

ဒါကြောင့် စပါးအသင်းဟာ အဆင့်(၁၈)နေရာက ဝက်စ်ဟမ်းနဲ့ (၅)မှတ်သာကွာဟတော့ပြီး တန်းဆင်းအန္တရာယ်အတွက်လည်း စိုးရိမ်စရာပိုကောင်းလာခဲ့ပါတယ်။

ဒါပေမဲ့ သောမတ်စ်ဖရန့်ခ်ကတော့ ''ကျွန်တော်က စပါးအသင်းကို ဦးဆောင်ဖို့ သင့်တော်သူဆိုတာ (၁၀၀၀)ရာခိုင်နှုန်း သေချာပါတယ်။ ဒါပေမဲ့ ကစားသမား (၁၁)ယောက်၊ (၁၂)ယောက်လောက် ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ရတဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့ရမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့တာလည်း (၁၀၀၀)ရာခိုင်နှုန်း သေချာပါတယ်။ ကျွန်တော်တို့ မယုံနိုင်စရာကောင်းတဲ့ ခံနိုင်ရည်ရှိမှုကို ပြသပြီး ဒီအခြေအနေကို ဖြတ်ကျော်ဖို့ လိုအပ်ပါတယ်။ အားလုံးအတူတကွ ရင်ဆိုင်ဖြတ်သန်းရမယ့် နည်းလမ်းတစ်ခုပဲ ရှိပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။

စပါးအသင်းဟာ လာမယ့်ပွဲစဉ်မှာ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး သောမတ်စ်ဖရန့်ခ်က အဲဒီပွဲမှာ စပါးအသင်းရဲ့နည်းပြအဖြစ် ဆက်ရှိနေမယ်လို့ ယုံကြည်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Most Read

Most Recent