■ မက္ကစီကိုတွင် ပြန်ပေးဆွဲခံရသူ သတ္တုတွင်းအလုပ်သမား ၁၀ ဦးထဲမှ ငါးဦးကို အလောင်းသာပြန်တွေ့

■ မက္ကစီကိုတွင် ပြန်ပေးဆွဲခံရသူ သတ္တုတွင်းအလုပ်သမား ၁၀ ဦးထဲမှ ငါးဦးကို အလောင်းသာပြန်တွေ့
Published 10 February 2026

မက္ကစီကိုနိုင်ငံမြောက်ပိုင်း ဆီနာလိုအာပြည်နယ်တွင် ကနေဒါအခြေစိုက်မိုင်းတူးဖော်ရေးကုမ္ပဏီ Vizsla Silver မှ လုပ်ကိုင်နေသည့် သတ္တုတွင်းတစ်ခု၌ ပြီးခဲ့သည့်လက သတ္တုတွင်းအလုပ်သမား ၁၀ ဦး ပြန်ပေးဆွဲခံခဲ့ရပြီး ယခု၎င်းတို့ထဲမှ ငါးဦးကို အလောင်းသာပြန်တွေ့ခဲ့သည်ဟု အဆိုပါကုမ္ပဏီနှင့် မက္ကဆီကို သတ္တုတွင်းလုပ်ငန်းရှင်များအသင်းက ဖေဖော်ဝါရီ ၉ ရက်က ကြေညာခဲ့သည်။

"ပျောက်ဆုံးနေဆဲဖြစ်တဲ့ မိုင်းအလုပ်သမားလုပ်ဖော်ကိုင်ဖက်တွေကို အသက်ရှင်လျက် ပြန်တွေ့ဖို့နဲ့ သူတို့ရဲ့ မိသားစုတွေဆီ ပြန်ရောက်နိုင်ဖို့ကိုပဲ အဓိကဦးစားပေး ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်" မက္ကစီကို သတ္တုတွင်းလုပ်ငန်းရှင်များအသင်းက ဆိုသည်။

ဇန်နဝါရီ ၂၃ ရက်က ငွေသတ္တုတွင်းတစ်ခုမှ အလုပ်သမား ၁၀ ဦးကို ပြန်ပေးဆွဲသွားခြင်းဖြစ်သည်။ ၁၀ ဦးစလုံး မက္ကဆီကိုနိုင်ငံသားများဖြစ်သည်။ အဆိုပါဒေသသည် မက္ကစီကို မူးယစ်ရာဇာဟောင်း အယ်လ်ချာပို၏သားများ ဦးစီးသော ဆီနာလိုအာလူဆိုးဂိုဏ်း၏ ဂိုဏ်းခွဲ Chapitos ချုပ်ကိုင်ရာနယ်မြေဟု လုံခြုံရေးအာဏာပိုင်များက ပြောသည်။

မက္ကစီကိုအစိုးရက ပျောက်နေသူများကို ရှာဖွေရန် အထူးတပ်ဖွဲ့ဝင်များ အပါအဝင် စစ်သည်အင်အား ၁၀၀၀ ကျော်ကို ပြီးခဲ့သည့် သီတင်းပတ်ကုန်က ထိုဒေသသို့ စေလွှတ်ခဲ့သည်။ လက်ရှိတွင် အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သံသယရှိသူလေးဦးကို ဖမ်းဆီးထားသည်။

ပြန်ပေးဆွဲခံရသူများ၏ ဆွေမျိုးအချို့က ၎င်းတို့ထံမှ ငွေညှစ်တောင်းခံခြင်းမရှိသေးကြောင်း၊ သို့သော် ထိုဒေသသည် ရာဇဝတ်ဂိုဏ်းများကြောင့် အလွန်အန္တရာယ်များသည့်နေရာဟု အလုပ်သမားများက ၎င်းတို့ကို ပြောပြဖူးကြောင်း ရိုက်တာသတင်းဌာနသို့ သတင်းပေးခဲ့သည်။ 

Ref: Reuters

 

Most Read

Most Recent