■ ဂရင်းလန်းကျွန်းကို ထိန်းချုပ်ရန် ဒေါ်နယ်ထရန့်က ကြံစည်နေဆဲဟု ဂရင်းလန်းဝန်ကြီးချုပ် သတိပေး

■ ဂရင်းလန်းကျွန်းကို ထိန်းချုပ်ရန် ဒေါ်နယ်ထရန့်က ကြံစည်နေဆဲဟု ဂရင်းလန်းဝန်ကြီးချုပ် သတိပေး
Published 3 February 2026

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဂရင်းလန်းကျွန်းကို စစ်အင်အားသုံးယူမည့်အစီအစဉ်ကို နောက်ဆုတ်လိုက်သော်လည်း အာတိတ်ဒေသရှိ ၎င်းတို့ကျွန်းကို ထိန်းချုပ်ရန် ဆက်လက်ကြိုးပမ်းနေဆဲဟု ဂရင်းလန်းဝန်ကြီးချုပ် ယန်စ်ဖရက်ဒရစ် နီးယယ်ဆင်က ဖေဖော်ဝါရီ ၂ ရက်တွင် သတိပေးပြောကြားလိုက်သည်။

ထရန့်သည် ရုရှားနှင့် တရုတ်နိုင်ငံတို့ကို အကြောင်းပြ၍ အမေရိကန်လုံခြုံရေးအတွက်ဟုဆိုကာ ယခုနှစ်အစောပိုင်းတွင် ဂရင်းလန်းကျွန်းကို အမေရိကန်က ထိန်းချုပ်ခွင့်ရရေး တောင်းဆိုမှုများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။

ဂရင်းလန်းကျွန်းသည် အာတိတ်သမုဒ္ဒရာနှင့် အတ္တလန္တိတ်သမုဒ္ဒရာတို့ကြားတွင် တည်ရှိသည့်  ကမ္ဘာ့အကြီးဆုံးကျွန်းဖြစ်ပြီး ဒိန်းမတ်၏ အုပ်ချုပ်မှုအောက်ရှိလာသည်မှာ နှစ်ပေါင်း ၃၀၀ ခန့်ရှိပြီဖြစ်သည်။

နေတိုးမဟာမိတ်နိုင်ငံအချို့ကမူ ဒိန်းမတ်၏ အချုပ်အခြာအာဏာကို ကာကွယ်ပေးကြပြီး ထရန့်၏ ဖိအားပေးမှုများက နေတိုးအဖွဲ့ကို ပြိုကွဲစေနိုင်ကြောင်း တုံ့ပြန်ခဲ့သည်။

ဂရင်းလန်းဝန်ကြီးချုပ်က ဒိန်းမတ်နိုင်ငံအား ရင်းနှီးသည့်မိတ်ဖက်နိုင်ငံအဖြစ် ထုတ်ပြောထားကာ အကယ်၍ ဂရင်းလန်းကျွန်းသားများအနေဖြင့် အမေရိကန်နှင့် ဒိန်းမတ် တစ်ခုကိုသာ ရွေးချယ်ရန် ဖိအားပေးခံရပါက ၎င်းတို့အနေဖြင့် ဒိန်းမတ်ကိုသာ ရွေးချယ်ကြလိမ့်မည်ဟု ယခင်ကတည်းက ပြောဖူးသည်။

ဂရင်းလန်းက ပြည်တွင်းကိစ္စရပ်များကို ကိုယ်ပိုင်စီမံအုပ်ချုပ်ခွင့်ရှိသော်လည်း နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များကို ဒိန်းမတ်က ချုပ်ကိုင်ထားသည်။ ဒုတိယကမ္ဘာစစ်ဖြစ်ပြီးနောက်ပိုင်း ကျွန်းပေါ်တွင် အမေရိကန်က စစ်စခန်းတစ်ခုတည်ဆောက်ထားသည်။ ကျွန်း၏ ၈၀ ရာခိုင်နှုန်းနီးပါးက ရေခဲများဖုံးနေကာ ငါးဖမ်းသည့်အလုပ်ကို အဓိကစီးပွားရေးအဖြစ် လုပ်ကိုင်ကြသည်။

Ref: Reuters

 

Most Read

Most Recent