နေရပ်စွန့်ခွာသူများကို ၎င်းတို့ရဲ့ဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာပါက ပြန်လည်လက်ခံ ဆောင်ရွက်ပေးနိုင်ရေး အသင့်ပြင်ဆင်ထားရှိကြောင်း လဝကညွှန်ကြားရေးမှူး ပြောကြား
ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံနိုင်ရန်အတွက် အမျိုးမျိုးပြင်ဆင်ဆောင်ရွက်ထား သော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်က လက်ရှိအချိန်ထိအထိ ပြန်လည်ဝင်ရောက်မှုမရှိခဲ့ကြောင်း၊ နေရပ်စွန့်ခွာသူများကို ၎င်းတို့ရဲ့ဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာပါက ပြန်လည်လက်ခံဆောင်ရွက်ပေးနိုင်ရေး အသင့်ပြင်ဆင်ထားရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်အေးအေးသိန်းက ပြောကြားသည်။
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဆောင်ရွက်ထားရှိမှုနှင့် ရခိုင်ပြည်နယ်အတွင်း နေထိုင်သည့် ဘင်္ဂါလီများကို နိုင်ငံတော်အစိုးရက ကူညီစောင့်ရှောက်ပေးလျက်ရှိသည့် အခြေအနေနှင့်စပ်လျဉ်း၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်အေးအေးသိန်း၏ ပြောကြားချက်များကို ပြန်ကြားရေးဝန်ကြီးဌာနက ဖော်ပြထားချက်အရ သိရသည်။
လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ်အေးအေးသိန်း "ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာ ၂၀၁၆-၂၀၁ရခုနှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တွေကြောင့် အဲဒီဒေသတွေမှာ နေထိုင်သူတွေအနက် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သူတို့ဆန္ဒအလျောက် နေရပ်စွန့်ခွာထွက်ပြေးသွားသူ ငါးသိန်းကျော်ခန့်ရှိခဲ့ပါတယ်။ သူတို့ကို ပြန်လည်စိစစ်လက်ခံဖို့အတွက် မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအစိုးရတို့အကြား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်သဘောတူညီချက်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့မှာ လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် သဘောတူညီချက်တွေနဲ့အညီ ပြန်လည်လက်ခံနိုင်ရေးအတွက် အကျုံးဝင်မှုအခြေခံမူငါးရပ်ကို စံသတ်မှတ်ချက်များအဖြစ် ချမှတ်ခဲ့ပါတယ်။ အဲဒါတွေကတော့ ပြန်လည်ဝင်ရောက်လိုသူဟာ မြန်မာနိုင်ငံအတွင်း အမှန်တကယ်နေထိုင်ခဲ့သူ ဖြစ်ရပါမယ်။ ပြန်လည်ဝင်ရောက်လာသူများက ၎င်းတို့ရဲ့ဆန္ဒအလျောက် မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လိုသူများ ဖြစ်ရပါမယ်။ ကွဲကွာနေတဲ့ မိသားစုစာရင်းဝင်တွေ၊ ကျန်ရစ်ခဲ့တဲ့မိသားစုဝင်တွေနဲ့ မိဘမဲ့ကလေးတွေအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တရားရုံးကမှန်ကန်ကြောင်းထောက်ခံချက် ပါရှိရပါမယ်။ တစ်ဖက်နိုင်ငံမှာ ထပ်မံမွေးဖွားလာတဲ့ ကလေးက မြန်မာနိုင်ငံမှာနေထိုင်ခဲ့တဲ့ မိဘနှစ်ပါးက မွေးဖွားတဲ့ကလေးဖြစ်ရပါမယ်။ ပဋိပက္ခကာလအတွင်း မွေးဖွားတဲ့ကလေးများအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တရားရုံးကမှန်ကန်ကြောင်း ထောက်ခံချက်ပါရှိရပါမယ်"ဟု ပြောကြားသည်။
အဆိုပါ စံသတ်မှတ်ချက်များနှင့်အညီ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် ရုပ်ပိုင်းဆိုင်ရာ လက်တွေ့အစီအစဉ်များဖြစ်သည့် Physical Arrangement ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်တွင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က တာဝန်ရှိသူများ လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ကြကြောင်း၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိပုဂ္ဂိုလ်များ ဦးဆောင်သည့် JWG ပြန်လည်လက်ခံရေးလုပ်ငန်းအတွက် ပူးတွဲလုပ်ငန်းအဖွဲ့ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ဖွဲ့စည်းခဲ့ကြောင်း၊ JWG အစည်းအဝေးတွေကို ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ ငါးကြိမ်တိုင်တိုင် အလှည့်ကျ ကျင်းပဆွေးနွေးခဲ့ကြကြောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် သဘောတူညီချက်အရ ပြန်လည်လက်ခံရေး စံသတ်မှတ်ချက်များဖြင့် အကျုံးဝင်သူများကို စိစစ်နိုင်ရန်အတွက် နေရပ်စွန့်ခွာသူလူဦးရေ ရှစ်သိန်းကျော်၏စာရင်းကို ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်းခြောက်ကြိမ်ခွဲပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပေးပို့ခဲ့ကြောင်း၊ ထိုသို့ ဘင်္ဂလားဒေ့ရှ်ဘက်ကပေးပို့လာသည့် နေရပ်စွန့်ခွာသူ လူဦးရေရှစ်သိန်းကျော်၏စာရင်းကို မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြောင်း မှန်ကန်ခြင်းရှိမရှိစိစစ်နိုင်ရန်အတွက် ၂၀၁၆ ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် ဌာနအနေဖြင့် ကောက်ယူထားသည့် ဆွဲတင်စစ်စာရင်းအရ မိသားစုဓာတ်ပုံပါ အိမ်ထောင်စုစာရင်းများကိုဌာန၏ Civil Registration software ရေးဆွဲထားသည့် ဒေတာထည့်သွင်းပြီး ကျွန်မတို့ဌာနက ဝန်ထမ်းများတိုက်ဆိုင်စိစစ်သည့်လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်အထိ စိစစ်ရေးပုံစံပါ လူဦးရေသုံးသိန်းကျော်ကို တိုက်ဆိုင်စိစစ်နိုင်ခဲ့ကြောင်း၊ ထိုသို့တိုက်ဆိုင်စိစစ်ပြီးသည့် လူဦးရေကိုလည်း ဘင်္ဂလားဒေ့ရှ်ဘက်ကို သံတမန်လမ်းကြောင်းကနေတစ်ဆင့် ပေးပို့ခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
"နေထိုင်ကြောင်းအထောက်အထား စိစစ်တွေ့ရှိပြီးသူတွေအနက် ပထမအသုတ်အနေနဲ့ လူဦးရေနှစ်ထောင် ကျော်ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်းမှာတစ်ကြိမ်၊ ဒုတိယအသုတ်အနေနဲ့ လူဦးရေသုံးထောင်ကျော်ကို ၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်းမှာတစ်ကြိမ် ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လည်ပို့ဆောင်မယ်လို့ ပြောကြားချက်အရ မြန်မာနိုင်ငံဘက်က ပြန်လည်လက်ခံရေးစခန်းနှစ်ခု ဖွင့်လှစ်ပြီး လက်ခံနိုင်ရေးအသင့် ဆောင်ရွက်ထားရှိခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်က နှစ်ကြိမ်စလုံး ပြန်လည်ပို့ဆောင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ဒါ့အပြင် ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူတွေကို ရှေ့ပြေးစမ်းသပ်စီမံကိန်းနဲ့ ပြန်လည်လက်ခံဖို့ အတွက်လည်း စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ အဲဒါတွေကတော့ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ နှစ်နိုင်ငံတာဝန်ရှိသူတွေနဲ့ ကျင်းပပြုလုပ်ခဲ့တဲ့ ဆွေးနွေးချက်တွေအရ နေရပ် စွန့်ခွာသူဦးရေ ၈၄၀ ကို ကနဦးလက်ခံဖို့ သဘောတူညီခဲ့ပါတယ်။ သူတို့အနက်ကမှ မိသားစုအလိုက် နေရပ်စွန့်ခွာကြောင်း စိစစ်တွေ့ရှိရသူ ၇၁၁ ဦးကို Pilot Project နဲ့ ပြန်လည်လက်ခံဖို့ အတည်ပြုခဲ့ပါတယ်။ အဲဒီ ၇၁၁ ဦးအပြင် သူတို့ရဲ့ဆက်စပ်မိသားစုဝင်တွေကိုပါ တစ်ပါတည်းလက်ခံဖို့ နှစ်နိုင်ငံပူးတွဲလုပ်ငန်းအဖွဲ့ JWG ရဲ့ ပ ဉ္စမအကြိမ်အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ချက်အရ ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှူး ဦးဆောင်တဲ့ မျက်မြင်စစ်ဆေးရေးအဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနက်ဖ် မြို့ကို ၂၀၂၃ ခုနှစ် မတ်လမှာ ပထမအကြိမ်သွားရောက်ပြီး မျက်မြင်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလိုစစ်ဆေးချက်အရ ဆက်စပ်မိသားစုဝင်တွေထဲက ပြန်လည်အတည်ပြုခဲ့သူ ၄၆၅ ဦး၊ မူလစိစစ်အတည်ပြုပြီးသူ ၇၁၁ ဦး စုစုပေါင်း ၁၁၇၆ ဦး ကို ပြန်လည်လက်ခံဖို့ အတည်ပြုခဲ့ကြပါတယ်။ ၂၀၂၃ ခုနှစ် မေ ၅ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က Go and See Visit လာရောက်တဲ့ တာဝန်ခံခုနစ်ဦး၊ နေရပ်စွန့်ခွာစခန်းများမှ camp ကိုယ်စားလှယ် ၂၀ တို့က ပြန်လည်လက်ခံသူတွေကို နေရာချထားမယ့်ကျေးရွာတွေကို လာရောက်လေ့လာတဲ့အတွက် မြန်မာနိုင်ငံဘက်က လိုက်လံရှင်းလင်းပြသခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နှစ်နိုင်ငံကမကထပြု ဆောင်ရွက်မယ့်အစီအစဉ်သစ် New Bilateral Initiative ကို ဆွေးနွေးဆုံးဖြတ်ချက်အရ ဘင်္ဂလားဒေ့ရှ်ဘက်ကပေးပို့တဲ့ အုပ်စုသုံးစုအနက်မှ မောင်တောမြောက်ပိုင်းမှာ နေထိုင်ခဲ့သူ မိသားစုအလိုက်တွေ့ရှိသူ ပြစ်မှုကင်းရှင်းသူ ၁၇၆၆ ဦး၊ ပထမအကြိမ်မျက်မြင်စစ်ဆေးရေးအဖွဲ့က အတည်ပြုခဲ့တဲ့ ၁၁၇၆ ဦးအနက် မှ ၁၀၄၁ ဦး စုစုပေါင်း ၂၈၀၇ ဦးကို Pilot Project နဲ့ ပြန်လည်လက်ခံဖို့ အတည်ပြုခဲ့ပါတယ်။ အဲဒီ ၂၈၀၇ ဦးရဲ့ ဆက်စပ်မိသားစုဝင်တွေကိုပါ တစ်ပါတည်းလက်ခံနိုင်ဖို့အတွက် မြန်မာဘက်က မျက်မြင်စစ်ဆေးရေးအဖွဲ့ Go and Talk အဖွဲ့ဝင် တွေဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ ဒုတိယအကြိမ် ဘင်္ဂလားဒေ့ရှ်နိုင်ငံတက္ကနက်ဖ်ကို သွားရောက်စစ်ဆေးခဲ့ကြပါတယ်။ ဒုတိယအကြိမ် ထပ်မံစစ်ဆေးချက်အရ တွေ့ရှိသူ လက်ခံအတည်ပြုမယ့် စုစုပေါင်း ၂၉၃၃ ဦးကို ပြန်လည်လက်ခံဖို့ အတည်ပြုဆုံးဖြတ်ခဲ့ပါတယ်။ အဆိုပါ Pilot Project အရ ပြန်လည်လက်ခံမယ့် စုစုပေါင်း ၂၉၃၃ ဦးကို ပြန်လည်နေရာချထားပေးဖို့ ကျေးရွာ ၂၀ လျာထားခဲ့ပြီး ငါးခူရနဲ့ တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေး စခန်းနှစ်ခုဖွင့်လှစ်ပြီး တစ်ပတ်ကို လူ ၂၅၀ နှုန်းနဲ့ စခန်းနှစ်ခုကို စုစုပေါင်း လူဦးရေ ၅၀၀ ကို စိစစ်လက်ခံဖို့ ဆောင်ရွက်ခဲ့ပါတယ်။ စိစစ်လက်ခံပြီးတဲ့ ပြန်လည်ဝင်ရောက်လာသူတွေကို လှဖိုးခေါင်ကြားစခန်းမှာ ယာယီနေရာချထားမယ်။ လျာထားတဲ့ ကျေးရွာ၂ဝကို ဆက်လက်ပို့ဆောင်ဖို့နဲ့ သူတို့ရဲ့ လူမှုဘဝ ရှင်သန်နေထိုင်ရေး၊ စားဝတ်နေရေးကိစ္စတွေကို ကူညီပံ့ပိုးပေးဖို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းချိတ်ဆက်ပြီး ဆောင်ရွက်သွားဖို့ စီစဉ်ထားရှိခဲ့ပါတယ်" ဟု ဒေါ်အေးအေးသိန်းက ပြောကြားသည်။
ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် ကူညီပံ့ပိုးဆောင်ရွက်နိုင်ရန်အတွက် ကုလသမဂ္ဂအဖွဲ့အစည်းများဖြစ်တဲ့ UNDP နဲ့ UNHCR တို့က အဆိုပြုကမ်းလှမ်းလာသည့်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ UNDP၊ UNHCR တို့ သုံးပွင့်ဆိုင် နားလည်မှု စာချွန်လွှာ MOU ကို ၂၀၁၈ ခုနှစ် ဇွန်လ ၆ ရက်တွင် လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ကြောင်း၊ UNDP ၊ UNHCR တို့က ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံများ၊ သောက်ရေသုံးရေရရှိရေး၊ လမ်းတံတားများပြုပြင်ခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစတဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့ကြောင်း၊ လက်ရှိတွင် နယ်မြေလုံခြုံရေး အခြေအနေအပေါ် မူတည်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန်အတွက် UNDP ၊ UNHCR တို့ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက နားလည်မှုစာချွန်လွှာ (MOU) ကို တစ်နှစ်တစ်ကြိမ် သက်တမ်းတိုးမြှင့်ပြီး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကဲ့သို့ မြန်မာနိုင်ငံဘက်က ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်အတွက် အမျိုးမျိုး ပြင်ဆင်ဆောင်ရွက်ထားရှိသော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်က ယနေ့အချိန်အထိ ပြန်လည်ဝင်ရောက်မှု မရှိခဲ့ကြောင်း၊ သို့သော် မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသက နေရပ်စွန့်ခွာသူများကို ၎င်းတို့၏ဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာပါက ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များကို အဆင်ပြေချောမွေ့စွာ လက်ခံဆောင်ရွက်ပေးနိုင်ရေး အသင့်ပြင်ဆင်ထားရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။















