လယ်ယာကဏ္ဍဆိုင်ရာ ကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်ရေး အပါအဝင် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာ-အိန္ဒိယ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၂၃ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် အိန္ဒိယနိုင်ငံ စားသုံးသူရေးရာအစားအသောက်နှင့် ဖြန့်ဖြူးရေးဝန်ကြီးဌာနမှ Secretary ဖြစ်သူ Smt. Nidhi Khare နှင့် အဖွဲ့အား ရန်ကုန်မြို့ ပြည်လမ်းရှိ Novotel Hotel ၌ လက်ခံတွေ့ဆုံစဉ် ထိုသို့ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
အဆိုပါတွေ့ဆုံမှုတွင် မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံအကြား လယ်ယာကဏ္ဍဆိုင်ရာ ကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်ရန်၊ တင်သွင်းမှု မူဝါဒတည်ငြိမ်စေရေး၊ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန်၊ စပါးကို အခြေခံသော ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုကွင်းဆက် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် အိန္ဒိယမှ အများအပြားဝယ်ယူသော မတ်ပဲနှင့် ပဲစင်းငုံတို့တွင် ထွက်ကုန်အရည်အသွေး ယှဉ်ပြိုင်နိုင်ရန်နှင့် ပိုးသတ်ဆေးဓာတ်ကြွင်း နည်းပါးရေးအတွက် ဘက်စုံပိုးမွှားကာကွယ်ရေး နည်းပညာပေး လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ပေးနိုင်ရေးကိစ္စရပ်များ၊ အခြားပဲများနှင့် ပတ်သက်၍ အလားအလာများ၊ မြန်မာနိုင်ငံမှ ပဲမျိုးစုံတင်ပို့ရောင်းချမှု ရေရှည်တည်တံ့ရေးအတွက် လိုအပ်သည့်လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများတွင် ပဲမျိုးစုံသာမက ဂျုံနှင့် ပတ်သက်၍ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများကို သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးမှစ၍ ဈေးကွက်ပို့ဆောင်သည်အထိ ဆောင်ရွက်နိုင်ရေး လုပ်ငန်းများကို ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။









