ချယ်လ်ဆီးနည်းပြ လီယမ်ရိုစီနီယာက ချန်ပီယံလိဂ်(၁၆)သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်ခွင့်ရလိုတယ်လို့ ပြောကြားခဲ့ပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ League Phase အဆင့်မှာ ပြိုင်ပွဲဝင်အသင်းတစ်သင်းဟာ (၈)ပွဲစီ ယှဉ်ပြိုင်ကစားရပြီး အဆင့်(၁)ကနေ အဆင့်(၈)အထိ ရပ်တည်နိုင်တဲ့ အသင်း(၈)သင်းသာ (၁၆)သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်ခွင့်ရရှိတာပါ။
ချယ်လ်ဆီးအသင်းက (၆)ပွဲယှဉ်ပြိုင်အပြီးမှာ အဆင့်(၁၄)နေရာရောက်ရှိနေပြီး လက်ကျန်နှစ်ပွဲမှာ ပါဖိုးစ်နဲ့ အိိမ်ကွင်း၊ နာပိုလီနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
ဒီည ယှဉ်ပြိုင်ရမယ့် ဆိုက်ပရပ်စ်ကလပ် ပါဖိုးစ်နဲ့ ပွဲစဉ်က ချယ်လ်ဆီးနည်းပြသစ် လီယမ်ရိုစီနီယာအတွက် နည်းပြဘဝမှာ ပထမဆုံးကိုင်တွယ်ခွင့်ရမယ့် ချန်ပီယံလိဂ်ပွဲအဖြစ် မှတ်တမ်းဝင်မှာဖြစ်ပါတယ်။
ဒါပေမဲ့ လီယမ်ရိုစီနီယာက သူ့အနေနဲ့ ဒီအချက်ထက် အသင်းအနိုင်ရဖို့ကိုသာ အာရုံစိုက်ထားတယ်လို့လည်း ဆိုခဲ့ပါတယ်။
''ကစားသမားဖြစ်ဖြစ် နည်းပြဖြစ်ဖြစ် ခင်ဗျားရဲ့အိပ်မက်က ချန်ပီယံလိဂ်လို ထိပ်တန်းပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ ဖြစ်မှာပါ။ ကျွန်တော့်အတွက်တော့ မဟုတ်ပါဘူး။ ကျွန်တော် အာရုံစိုက်ထားတာက ပွဲအနိုင်ရဖို့နဲ့ ဒီမှာ အောင်မြင်မှုရဖို့ပါပဲ။ ထိပ်ဆုံး(၈)သင်းစာရင်းဝင်ခဲ့ရင်တော့ တကယ်ကောင်းမှာပါ'' လို့ လီယမ်ရိုစီနီယာက ပြောကြားခဲ့ပါတယ်။















