■ အချိန်တန်လျှင် ဗင်နီဇွဲလားကို ဦးဆောင်မည်ဟု အတိုက်အခံခေါင်းဆောင် မာချာဒို ပြောကြား

■ အချိန်တန်လျှင် ဗင်နီဇွဲလားကို ဦးဆောင်မည်ဟု အတိုက်အခံခေါင်းဆောင် မာချာဒို ပြောကြား
Published 17 January 2026

ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာမာချာဒိုက အချိန်တန်သည့်အခါ နိုင်ငံကို ဦးဆောင်သွားမည်ဟု ကတိပြုပြောဆိုလိုက်သည်။

"ကျွန်မတို့ရဲ့မစ်ရှင်က ဗင်နီဇွဲလားကို ကျက်သရေတွေနဲ့ ပြည့်နေတဲ့ နယ်မြေတစ်ခုဖြစ်လာအောင် ပြောင်းလဲပစ်ဖို့ပါ။ အချိန်တန်တဲ့အခါ ကျွန်မက ဗင်နီဇွဲလားရဲ့ ပထမဆုံးအမျိုးသမီးသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရလိမ့်မယ်ဆိုတာ ယုံကြည်ပါတယ်" ဟု မာချာဒိုက Fox News သတင်းဌာနကို ပြောခဲ့သည်။

သမ္မတဒေါ်နယ်ထရန့်ကို မာချာဒိုက ၎င်း၏ ငြိမ်းချမ်းရေးနိုဘယ်ဆု လွှဲပြောင်းပေးအပ်လိုက်ပြီးနောက်တစ်နေ့တွင် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ ဗင်နီဇွဲလားနိုင်ငံ လွတ်လပ်မှုအတွက် ထရန့်၏ကြိုးပမ်းချက်များကို အသိအမှတ်ပြု ပေးအပ်ခြင်းဖြစ်သည်ဟု မာချာဒိုက ဆိုသည်။ 

အမေရိကန်တပ်ဖွဲ့က ဇန်နဝါရီ ၃ ရက်တွင် ကာရာကတ်စ်မြို့တွင်း ဝင်ရောက်ကာ ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုကို ဖမ်းဆီးလိုက်သော်လည်း မာချာဒိုသည် ပြည်တွင်း၌ ထောက်ခံမှု အလုံအလောက်မရှိသူဟုဆိုကာ ထရန့်က ၎င်းအား ဗင်နီဇွဲလား၏ ခေါင်းဆောင်သစ်အဖြစ် အသိအမှတ်မပြုခဲ့ပေ။

ထို့ပြင် ထရန့်က လက်ရှိဗင်နီဇွဲလား ယာယီသမ္မတ ဒယ်ဆီရော်ဒရီဂက်ဇ်နှင့်သာ ပူးပေါင်းဆောင်ရွက်နေခဲ့သည်။

ထရန့်၏ ညွှန်ကြားချက်ဖြင့်  ဇန်နဝါရီ ၁၆ ရက်တွင် နှစ်နိုင်ငံကြား ယုံကြည်မှုနှင့် ဆက်သွယ်ရေး တည်ဆောက်ရန်ရည်ရွယ်ကာ  CIA ညွှန်ကြားရေးမှူးနှင့် ရော်ဒရီဂက်ဇ်တို့ နှစ်နာရီကြာ တွေ့ဆုံခဲ့သည်။

ဝါရှင်တန်ဒီစီတွင် ပြုလုပ်သည့် ပွဲတစ်ခုတွင်လည်း မာချာဒိုက ဗင်နီဇွဲလား၌ စနစ်ကျသည့် အသွင်ကူးပြောင်းရေးတစ်ရပ် ပေါ်ပေါက်လာမည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။

မာချာဒိုသည် ဗင်နီဇွဲလားပြည်သူများအတွက် ဒီမိုကရေစီအခွင့်အရေးများ ရရှိစေရန် မနားမနေ ကြိုးပမ်းဆောင်ရွက်ခဲ့မှု၊ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ငြိမ်းချမ်းသည့် ကူးပြောင်းမှုတစ်ရပ် ဖြစ်ထွန်းလာစေရန် ရုန်းကန်ကြိုးစားခဲ့မှုများကြောင့် ၂၀၂၅ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိခဲ့သည်။

Ref: BBC

 

Most Read

Most Recent