ဘီဘီစီသတင်းဌာနနှင့် ဂမ်ဘီယာရှေ့နေ အင်တာဗျူးတွင် ICJ ၌ မြန်မာနိုင်ငံကို တရားစွဲဆိုထားသည့်အမှုတွင် ဘင်္ဂါလီများမှာ အသိအမှတ်ပြုခံရရေးထက် လျော်ကြေးငွေရယူလိုသည့်ရည်ရွယ်ချက်က ပိုမိုထင်ရှားနေသယောင်ရှိနေသည်ဟု နိုင်ငံပိုင်သတင်းစာများတွင် ဆောင်းပါးအဖြစ်ဖော်ပြထားသည်ကို တွေ့ရသည်။
ဇန်နဝါရီ ၁၃ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် BBC သတင်းဌာနနှင့် ဂမ်ဘီယာရှေ့နေအဖွဲ့မှ ဦးဆောင်ရှေ့နေ Arsalan Suleman တို့၏ အင်တာဗျူးအား တုံ့ပြန်ချက်ဆိုသည့် ဆောင်းပါးကို ဖော်ပြထားပြီး ယင်းဆောင်းပါးတွင် အချက်တစ်ချက်အနေဖြင့် ရေးသားထားခြင်းဖြစ်သည်။
Mr. Arsalan Suleman ရဲ့ အင်တာဗျူးကို နားထောင်ကြည့်မယ်ဆိုရင် အထူးခြားဆုံး သတိပြုမိတဲ့အချက်ကတော့ တရားမျှတမှု (Justice) နှင့် အခွင့်အရေး (Rights) ဆိုတာတွေထက် လျော်ကြေးငွေ (Compensation) နဲ့ ကုစားမှု (Remedies) ဆိုတဲ့ကိစ္စရပ်တွေကိုပဲ ပိုမိုဦးစားပေးပြောဆိုသွားတာ ဖြစ်ပါတယ်။ Mr. Suleman က ဒီအမှုရဲ့ နောက်ဆုံးအဆင့်မှာ တရားရုံးက မြန်မာနိုင်ငံကို Genocide ကျူးလွန်ကြောင်း ဆုံးဖြတ်မယ်ဆိုရင် နစ်နာသူတွေကို ဘယ်လိုကုစားဆောင်ရွက်ပေးရမယ်၊ လျော်ကြေးငွေဘယ်လောက်ပေးရမယ်ဆိုတဲ့အမိန့်တွေ ချမှတ်နိုင်ဖို့ ရည်ရွယ်တယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် သူတို့ဟာ လူ့အခွင့်အရေးနဲ့ Genocide ခေါင်းစဉ်ကို ဗန်းပြနေပေမယ့်လည်း လက်တွေ့မှာတော့ ဘင်္ဂါလီတွေ မြန်မာနိုင်ငံမှာ အသိအမှတ်ပြုခံရရေးထက် မြန်မာနိုင်ငံထံမှ လျော်ကြေးငွေရယူလိုတဲ့ရည်ရွယ်ချက်က ပိုမိုထင်ရှားနေသယောင် ရှိနေပါတယ်။ ဥပဒေကြောင်းအရ အမှုမနိုင်သေးခင်၊ တရားရုံးက အပြီးသတ်စီရင်ချက်မချရသေးခင် အချိန်ကတည်းက လျော်ကြေးငွေကိစ္စကို ဇောင်းပေးပြောဆိုနေတာဟာ ဒီအမှုရဲ့နောက်ကွယ်က သူတို့ရဲ့စေတနာမှန်ကို မေးခွန်းထုတ်စရာ ဖြစ်စေပါတယ်။ ရှင်းရှင်းလင်းလင်းပြောရရင် ဂမ်ဘီယာနိုင်ငံအနေနဲ့ ‘အကျိုးလိုလို့ ညောင်ရေသွန်း’ ဆိုသလို ငွေကြေးအကျိုးအမြတ်တစ်စုံတစ်ရာကို မျှော်ကိုးပြီး ဒီအကွက်ကို ဖန်တီးနေတာဖြစ်ပါတယ်" ဟု ဆောင်းပါးရှင် မင်းခန့်၏ ဆောင်းပါးတွင် ရေးသားထားသည်။
ထို့ပြင် တရားစီရင်ရေးလုပ်ငန်းစဉ် မပြီးမြောက်သေးသည့်အချိန်တွင် မီဒီယာကို အသုံးပြုပြီး ၀ါဒဖြန့်ခြင်းတမျိုးဖြစ်ကြောင်း၊ ယခုအင်တာဗျူးမှာလည်း တရားရုံး၏ ဆုံးဖြတ်ချက်ကို သွယ်ဝိုက်လွှမ်းမိုးရန် ကြိုးစားနေခြင်းဟု ဆောင်းပါးတွင် ဖော်ပြထားသည်။
“ဂမ်ဘီယာနိုင်ငံဘက်မှ ရှေ့နေအဖွဲ့နဲ့ သူတို့ရဲ့နောက်ကွယ်က အထောက်အပံ့ပေးနေသူ တွေဟာ နိုင်ငံတကာမီဒီယာတွေကို အလွန်အကျွံအသုံးချနေတာတွေ့ရပါတယ်။
အမှုကြားနာပွဲမစတင်မီ ရက်ပိုင်းအလိုမှာ ပြုလုပ်ထားတဲ့ အခု BBC အင်တာဗျူးဟာလည်း တရားရုံးရဲ့ဆုံးဖြတ်ချက်ကို မီဒီယာကတစ်ဆင့် သွယ်ဝိုက်လွှမ်းမိုးဖို့နဲ့ နိုင်ငံတကာအမြင်ကို ပုံဖော်ဖို့ ကြိုတင်ပြင်ဆင်ထားတဲ့ မီဒီယာလှုပ်ရှားမှုတစ်ခုသာ ဖြစ်ပါတယ်။ သူတို့ဟာ ဥပဒေကြောင်းအရ အားနည်းချက်တွေကို မီဒီယာအင်အားနဲ့ ဖုံးဖိဖို့ရန် ကြိုးစားနေတာသာ ဖြစ်ပါတယ်" ဟု ဆောင်းပါးတွင် ရေးသားထားသည်။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်နှင့် ပတ် သက်သည့် တရားရုံးကြားနာပွဲသို့ တက်ရောက် ရန် သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့သို့ သွားရောက်ခဲ့ကြောင်း သိရသည်။
ဘင်္ဂါလီလူမျိုးများအပေါ် လူမျိုးတုံး သတ်ဖြတ်မှုများ ကျူးလွန်သည်ဟူသော စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ၂၀၁၉ ခုနှစ်တွင် နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်သည်။
အဆိုပါအမှုနှင့်ပတ်သက်၍ တရားရုံး ကြားနာပွဲကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက် အထိ ကျင်းပမည်ဖြစ်ပြီး ဇန်နဝါရီ ၁၂ ရက်မှ ၁၅ ရက်အထိ ဂမ်ဘီယာနိုင်ငံက လျှောက်လဲချက်တင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ဇန်နဝါရီ ၁၆ ရက် မှ ၂၀ ရက်အထိလည်းကောင်း၊ ဇန်နဝါရီ ၂၈ ရက်မှ ၂၉ ရက်အထိလည်းကောင်း နှစ်ကြိမ် လျှောက်လဲမည်ဖြစ်ကြောင်း သိရသည်။
ယခုတစ်ကြိမ် ကြားနာမှုတွင် ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူများကို စစ်ဆေးမေးမြန်းချက်များအား သုံးရက်ကြာပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်နှင့် ပတ်သက်၍ ICJ တွင် ယခုတစ်ကြိမ် တရား ရုံးကြားနာမှုသည် တတိယအကြိမ်မြောက် တရားရုံးကြားနာမှုဖြစ်ကြောင်း သိရသည်။
ဘင်္ဂါလီများအပေါ် လူမျိုးတုံးသတ်ဖြတ် မှုစွပ်စွဲချက်နှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ် ပထမအကြိမ် တရားရုံးကြားနာမှုတွင် ဒေါ် အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ကြားနာခဲ့ပြီး အဆိုပါကြားနာမှုတွင် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်များကို ငြင်းဆိုလျှောက်လဲခဲ့သည်။
ဒုတိယအကြိမ်ကြားနာမှုကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလထဲတွင် ပြုလုပ်ခဲ့ပြီး ထိုစဉ်က အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြားနာခဲ့ပြီး အဆိုပါ ကြားနာမှုတွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား တရားစွဲဆိုခွင့်မရှိကြောင်း အပါအဝင် အချက်လေးချက်ကို မြန်မာကိုယ်စားလှယ်ဘက်က လျှောက်လဲခဲ့သည်။
ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲမှုသည် လူမျိုး တုံးသတ်ဖြတ်မှုမြောက်-မမြောက် မဆုံးဖြတ် နိုင်သေးမီ မြန်မာနိုင်ငံက ကြားဖြတ်ဆောင်ရွက်ရမည့် အစီအမံလေးရပ်ကို ၂၀၂၀ ပြည့်နှစ်တွင် ICJ က ဆုံးဖြတ်ချက်ချပေးထားသည်။
မြန်မာနိုင်ငံက ဆောင်ရွက်ရမည့် ကြားဖြတ်အစီအမံလေးရပ်မှာ ဘင်္ဂါလီများအား လူမျိုးတုံးသတ်ဖြတ်မှုမှ အကာအကွယ်ပေးရန်၊ မြန်မာနိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များက လူမျိုးတုံးသတ်ဖြတ်မှုများ မပြုလုပ်ရန်၊ သက်သေအထောက်အထားများ မပျက်စီးအောင် ထိန်းသိမ်းရန်နှင့် အထက်ပါအချက် သုံးချက်ကို လေးလအတွင်း မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များကို ICJ သို့ အစီရင်ခံစာ တင်သွင်းရန်နှင့် အမှုမပြီးပြတ်မီအကြား မြန်မာနိုင်ငံက ခြောက်လတစ်ကြိမ် အစီရင်ခံစာ တင်သွင်းရန် ICJ က ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။















