ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒိုနှင့် သမ္မတဒေါ်နယ်ထရန့်တို့ ဇန်နဝါရီ ၁၅ ရက်တွင် အိမ်ဖြူတော်၌ တွေ့ဆုံမည်ဖြစ်ကြောင်း အမေရိကန်အစိုးရအရာရှိတစ်ဦးက AFP ကို ပြောကြားခဲ့သည်။
ဇန်နဝါရီ ၃ ရက်တွင် အမေရိကန်တပ်ဖွဲ့များက ဗင်နီဇွဲလားအာဏာရှင် နီကိုးလပ်စ်မာဒူရိုကို ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း ထရန့်အစိုးရက မာချာဒိုကို ဘေးချိတ်ထားခဲ့သည်။ ထရန့်သည် မာချာဒိုနှင့် ၎င်း၏လက်ထောက် အက်မွန်ဒို ဂွန်ဇားလက် အူရူတီးယားတို့ကို အရေးမစိုက်ဘဲ လက်ရှိဗင်နီဇွဲလား ယာယီသမ္မတ ဒယ်ဆီရော်ဒရီဂက်ဇ်နှင့်သာ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
သို့သော် တောင်အမေရိကနိုင်ငံ ဗင်နီဇွဲလား၏ ကြီးမားသော ရေနံမြေများကို အသုံးပြုခွင့်ပေးရန်နှင့် ပတ်သက်ပြီး အမေရိကန်အစိုးရ၏ လမ်းစဉ်ကို လိုက်နာရန်၊ မဟုတ်ပါက နောက်ဆက်တွဲအကျိုးဆက်များ ရင်ဆိုင်ရလိမ့်မည်ဟု ရော်ဒရီဂက်ဇ်ကို ထရန့်က သတိပေးထားသည်။
ဗင်နီဇွဲလားအစိုးရက မာဒူရိုလက်ထက် ဖမ်းဆီးထားသူ ၁၁၆ ဦးကို ထပ်မံလွှတ်ပေးလိုက်ပြီဟု ကြေညာခဲ့သည်။ ၎င်းတို့အနက် အများစုသည် ၂၀၂၄ ခုနှစ်က အငြင်းပွားဖွယ်ရွေးကောက်ပွဲအပြီး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ခြင်းကြောင့် ဖမ်းဆီးခံခဲ့ရသူများဖြစ်သည်။
တစ်ဖက်တွင်လည်း ဆွေမျိုးမိသားစုဝင်များက အကျဉ်းထောင်များရှေ့တွင် ရက်ချီစခန်းချ စောင့်ဆိုင်းနေကြသည့်တိုင် ၎င်းတို့စောင့်မျှော်နေသူများ လွတ်လာခြင်းမရှိသည့်အတွက် စိတ်မရှည်နိုင်ဖြစ်နေကြသည်။
ကုလသမဂ္ဂကျွမ်းကျင်သူများနှင့် အတိုက်အခံများကမူ လူ့အခွင့်အရေးအဖွဲ့များ ခန့်မှန်းထားသည့် ဖမ်းဆီးခံအကျဉ်းသား ၈၀၀ မှ ၁,၂၀၀ အနက် လက်ရှိတွင် ၅၀ ခန့်သာ လွတ်မြောက်လာသေးသည်ဟု ဆိုသည်။ ဇန်နဝါရီ ၁၂ ရက်တွင် အတိုက်အခံခေါင်းဆောင် မာချာဒိုသည် ဗာတီကန်တွင် ပုပ်ရဟန်းမင်းကြီး လီယို ၁၄ နှင့် တွေ့ဆုံခဲ့ပြီး အကျဉ်းသားများအရေး ကြားဝင်ဆောင်ရွက်ပေးရန်လည်း တောင်းဆိုခဲ့သည်။
ဗင်နီဇွဲလားယာယီသမ္မတ ရော်ဒရီဂက်ဇ်သည် မာဒူရိုနှင့် မဟာမိတ်ဖြစ်သော်လည်း ယခု ထရန့်အစိုးရနှင့် ကဏ္ဍအသီးသီးတွင် ညှိနှိုင်းလုပ်ဆောင်နေသည်။ အမေရိကန်နှင့် ဗင်နီဇွဲလား သံတမန်ဆက်ဆံရေး ပြတ်တောက်နေမှု ခုနစ်နှစ်ရှိပြီဖြစ်ပြီး အမေရိကန်သံရုံး ပြန်လည်ဖွင့်လှစ်ရန် ပြီးခဲ့သည့်သီတင်းပတ်က အမေရိကန်ကိုယ်စားလှယ်များ ဗင်နီဇွဲလားမြို့တော်ကာရာကက်စ်သို့ သွားခဲ့ကြသည်။
ထရန့်က ရော်ဒရီဂက်ဇ်နှင့် တွေ့ရန် လမ်းဖွင့်ထားပြီး အစိုးရချင်း အဆင်ပြေပြေ လက်တွဲဆောင်ရွက်နေသည်ဟုဆိုပြီး လွတ်မြောက်လာသည့် အကျဉ်းသားများအနေဖြင့် အမေရိကန်ကြောင့် ၎င်းတို့ မည်မျှကံကောင်းသွားသည်ကို အမှတ်ရကြမည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။
မာချာဒိုသည် ၂၀၂၅ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိခဲ့ပြီး ဗင်နီဇွဲလားပြည်သူများအတွက် ဒီမိုကရေစီအခွင့်အရေးများ ရရှိစေရန် မနားမနေ ကြိုးပမ်းဆောင်ရွက်ခဲ့မှု ၊ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ငြိမ်းချမ်းသည့် ကူးပြောင်းမှုတစ်ရပ် ဖြစ်ထွန်းလာစေရန် ရုန်းကန်ကြိုးစားခဲ့မှုများကြောင့် နိုဘယ်ဆုရခဲ့ခြင်းဖြစ်သည်။
ဇန်နဝါရီ ၁၂ ရက်တွင် ရော်ဒရီဂက်ဇ်က ဗင်နီဇွဲလားဝန်ကြီးအဖွဲ့ အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ပြီး မာဒူရို၏ သက်တော်စောင့်ဟောင်းတစ်ဦးကို သမ္မတရုံးဝန်ကြီးအဖြစ် ခန့်အပ်ကာ သမ္မတသက်တော်စောင့်တပ်ဖွဲ့ အကြီးအကဲကိုလည်း လူလဲခန့်အပ်လိုက်သည်။
Ref: AFP
Photo: MSN









